ထင်လင်းအောင်
သီလဝါ အထူးစီးပွားရေးဇုန်၏ မြေဟက်တာ ၄၀၀ ပထမစီမံကိန်းမှ လုပ်ငန်းအချို့မှာ ၂၀၁၅ ခုနှစ် နှစ်ဝက်ပိုင်းတွင်လုပ်ငန်းစတင် လည်ပတ်နိုင်တော့မည်ဟု ၎င်းစီးပွားရေးဇုန် စီမံခန့်ခွဲရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဒေါက်တာသန်းသန်းသွယ်ကမဇ္ဈိမကို ဒီဇင်ဘာ ၅ ရက်က ပြောသည်။
သီလဝါ မြေဟက်တာ ၄၀၀ စီမံကိန်းတွင် ပထမအပိုင်းဖြစ်သည့် မြေ ၁၈၉ ဟက်တာကို အခြေခံ အဆောက်အအုံ တည်ဆောက်မှုများ ပြီးစီးဖြစ်၍ ၂၀၀ ကျော်ကို ဆက်လက်တည်ဆောက်လျက်ရှိသည်ဟု ဆိုသည်။ အလားတူ လုပ်ငန်းအချို့က စက်ရုံတည်ဆောက်ရေး လုပ်ငန်းများကို ဝင်ရောက်လုပ်ကိုင်လျက်ရှိရာ လာမည့်နှစ်ဝက်တွင် လည်ပတ်မှုကို စတင်နိုင်မည်ဟု ဆိုသည်။
“ပထမစီမံကိန်းဖြစ်တဲ့ မြေဟက်တာ ၄၀၀ အနေနဲ့ဆိုရင် စက်ရုံတချို့က လာမယ့်၂၀၁၅ သြဂုတ်၊ စက်တင်ဘာလောက်မှာ လည်ပတ် နိုင်တော့မှာပါ။ အခုတောင် တချို့လုပ်ငန်းတွေက တည်ဆောက်မှုအပိုင်းမှာ တော်တော်ခရီးရောက်နေပါပြီ”ဟု ၎င်းက ပြောသည်။
မြေဟက်တာ ၄၀၀စီမံကိန်းတွင် ဝင်ရောက်ရင်းနှီးမြုပ်နှံလုပ်ကိုင်နိုင်ရေးအတွက် လက်ရှိအချိန်အထိ ပြည်တွင်း၊ ပြည်ပ လုပ်ငန်း ၂၈ ခုက သဘောတူညီမှု လက်မှတ်ရေးထိုးထားသည်ဟု ဆိုသည်။ ယင်းအနက် လုပ်ငန်းရှစ်ခုမှာ တည်ဆောက်ရေး လုပ်ငန်းများကို ဝင်ရောက် လုပ်ကိုင်နေခြင်း ဖြစ်သည်ဟု မြန်မာ သီလဝါ အထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီလီမိတက် (MTSH) ဥက္ကဋ္ဌ ဦးဝင်းအောင်က
မီဒီယာများကို ပြောထားသည်။
၎င်းက “စက်ရုံဆောက်နေတဲ့လုပ်ငန်းထဲမှာဆို အမေရိကန်က ပုလင်းထုတ်တဲ့ Ball ကုမ္ပဏီပါတယ်။ ဂျပန်ကုမ္ပဏီ ခြောက်ခုပါတယ်” ဟု ဆိုသည်။
စာချုပ်ချုပ်ဆိုထားပြီး ကုမ္ပဏီများတွင် ဂျပန်နိုင်ငံမှကုမ္ပဏီ ကိုးခု၊ ထိုင်ဝမ်ကုမ္ပဏီလေးခု၊ ထိုင်း ကုမ္ပဏီသုံးခုနှင့် တရုတ်၊ ဆွီဒင်၊ အမေရိကန်၊ဟောင်ကောင်နှင့် သြစတေးလျနိုင်ငံတို့မှ ကုမ္ပဏီများပါဝင်သည်ဟု ဦးဝင်းအောင်က ပြောထားသည်။
အဆိုပါ ကုမ္ပဏီများအနက် အမေရိကန်ရင်းနှီးမြှုပ်နှံမှုဖြစ်သော Ball က ကန်ဒေါ်လာသန်း ၄၀ နှင့် ထိုင်းနိုင်ငံမှ သံမဏိပစ္စည်းများနှင့် စက်ရုံ၊ဆောက်လုပ်ရေးသုံး ကွန်ဂရစ်ပစ္စည်းများ ထုတ်လုပ်မည့် Millicon ကုမ္ပဏီက ကန်ဒေါ်လာ သန်း ၆၅ ရင်းနှီးမြှုပ်နှံမည်ဖြစ်သည်။
No comments:
Post a Comment