ကျော်စိုးမိုး
မော်ဒယ် အေးချမ်းမြတ်မိုး အသတ်ခံရမှုအတွက် တရားလိုပြသက်သေအဖြစ် ၎င်း၏ သူငယ်ချင်းနှစ်ဦးဖြစ်သည့် သရုပ်ဆောင်၊ မော်ဒယ်အမျိုးသားနှစ်ဦးကို လာမည့်ရုံးချိန်းတွင် စစ်ဆေးသွားမည်ဟု အမှုကို လိုက်ပါဆောင်ရွက်နေသည့် ရှေ့နေ တစ်ဦးက ပြောသည်။
အေးချမ်းမြတ်မိုး အသတ်ခံရမှုအတွက် ၇ ကြိမ်မြောက်ရုံးချိန်းအဖြစ် ဒီဇင်ဘာ ၄ ရက်၊ နံနက် ၁၁ နာရီခွဲခန့်က အနောက်ပိုင်းခရိုင် တရားရုံး၌ အခင်းဖြစ်ပွားခဲ့ သည့် အေးချမ်းမြတ်မိုး တိုက်ခန်းနှင့် ပေ ၄၀ခန့်အကွာ တိုက်ခန်းတွင်နေထိုင်သူ ရာအိမ်မှူး တစ်ဦးဖြစ်သည့် ဦးကျော်အောင်ထက်ကို စစ်ဆေးခဲ့သည်။
ဦးကျော်အောင်ထက်သည် အခင်းဖြစ်ပွားသည့် နေရာတွင် ဓာတ်ပုံရိုက်သည့်အချိန်၊ ရဲစခန်းတွင် အံ့ဖြိုးပိုင်၏ ဖုန်းကို အပ်နှံချိန်နှင့်ဆေးရုံတွင် အခင်းဖြစ်ပွားစဉ်က အေးချမ်းမြတ်မိုး ဝတ်ဆင်ခဲ့သည့် အဝတ်အစားများကို သက်သေခံအဖြစ် သိမ်းဆည်းခဲ့စဉ်က ပါဝင်ခဲ့သူ တစ်ဦးဖြစ်သည်။
သက်သေခံပစ္စည်း သိမ်းယူခဲ့စဉ်က ပါဝင်ခဲ့သော်လည်း အခင်းဖြစ်ပွားစဉ်က အဖြစ်အပျက်များကို တွေ့မြင်ခဲ့ခြင်းမရှိဘဲ ပတ်ဝန်းကျင်မှ ပြောပြခဲ့၍သာ သိခဲ့ရသည်ဟု တရားရုံးတွင် ရှေ့နေ၏ မေးမြန်မှုကိုထွက်ဆိုခဲ့သည်။
အေးချမ်းမြတ်မိုး၏ မိသားစုဝင်တစ်ဦးက "လာမယ့်ရုံးချိန်းမှာ စစ်မယ့်သူက အေးချမ်းမြတ်မိုး ဓားနဲ့ထိုးမခံရခင် အိမ်အောက်ကို ကားနဲ့ လိုက်ပို့တဲ့ သူ့သူငယ်ချင်း မော်ဒယ်သရုပ်ဆောင် ကောင်လေးနှစ်ယောက်ပါ" ဟု ပြောသည်။
မော်ဒယ်အေးချမ်းမြတ်မိုး အသတ်ခံရမှုအတွက် တရားလိုနှင့် တရားလိုပြ သက်သေ ခြောက်ဦးကို စစ်ဆေးခဲ့ပြီးဖြစ်သည်။
အမှုဖြစ်စဉ်မှာ ပြီးခဲ့သည့်သြဂုတ် ၂၆ ရက်၊ ည ၇ နာရီဝန်းကျင်ခန့်က ဒဂုံမြို့နယ်၊ ဦးဝိစာရအိမ်ရာ၊ တိုက်အမှတ် ၃၂ ၊ ၃ လွှာတွင် နေထိုင်သည့် အသက် ၁၉ နှစ်အရွယ် မော်ဒယ် အေးချမ်းမြတ်မိုး အပြင်မှ ပြန်လာစဉ် တိုက်ခန်း၏ ဒုတိယယထပ်တွင် အဆိုပါ အိမ်ရာဝင်းအတွင်း၌ နေထိုင်သည့် အံ့ဖြိုးပိုင်ဆိုသူက လည်ပင်းကို ဓားနှင့်ထိုးခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီး၊ အရေးပေါ်ဌာနသို့ ပို့ဆောင်စဉ်တွင် သေဆုံးခဲ့ခြင်း ဖြစ်သည်။
အဆိုပါဖြစ်စဉ်နှင့် စပ်လျဉ်း၍ အံ့ဖြိုးပိုင်ကို ဒဂုံမြို့မရဲစခန်းက(ပ)၁၈၄/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် သြဂုတ် ၂၆ ရက်တွက်အမှုဖွင့်ခဲ့ပြီး အနောက်ပိုင်းခရိုင် တရားရုံးက ပြစ်မှုကြီးအမှတ် ၈၃/၁၄ ဖြင့်လက်ခံစစ်ဆေးလျက်ရှိကာ လာမည့်ဒီဇင်ဘာ ၁၁ ရက်တွင် ထပ်မံစစ်ဆေးမည် ဖြစ်သည်။
No comments:
Post a Comment