ယုဝေ
လူကုန်ကူးခံရသူများအတွက် ဂျပန်အစိုးရ၏ ထောက်ပံ့မှုဖြင့် ယာယီစောင့် ရှောက်ရေးဂေဟာကို ကရင်ပြည်နယ်၊မြဝတီမြို့တွင် ဒီဇင်ဘာ ၁၉ ရက်က ဖွင့်လှစ်လိုက်သည်ဟု လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့မှ လူကုန်ကူးမှုတား ဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ ဒု-ရဲမှူးမင်းနိုင်က ပြောသည်။
“နှစ်သိမ့်ပညာပေးမှုတွေကို လူမှုဝန်ထမ်းဦးစီးဌာနက ၀န်ထမ်းတွေနဲ့ ကျွန်တော်တို့ ရဲတပ်ဖွဲ့ဝင်တွေက ပြု လုပ်ပေးသွားမှာပါ။ သူတို့တွေကို ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်တဲ့ အသက်မွေးဝမ်းကျောင်း ပညာ တွေ သင်ပေးသွားပါမယ်။ မိဘ၊ အုပ်ထိန်းသူနဲ့ ဆက်သွယ်လို့ရတဲ့ အချိန်အထိ လက်ခံထားရှိမှာပါ” ဟု ၎င်းက ပြောသည်။
အဆိုပါဂေဟာကို ကရင်ပြည်နယ်၊ မြ၀တီမြို့၊ အမှတ် (၄) ရပ်ကွက် အဓိဋ္ဌာန် အောင်ဘုရားလမ်းတွင် ဖွင့်လှစ်ထားပြီး အမျိုးသား၂၅ ဦးနှင့် အမျိုးသမီး၂၅ ဦး လက်ခံစောင့်ရှောက်ပေးသွားမည် ဖြစ်သည်။
ဂေဟာတွင် ထိုင်းနိုင်ငံသို့ နည်းမျိုးစုံဖြင့် လူကုန်ကူးခံထားရာမှ ပြန်လည်လွတ် မြောက်လာသူများကို လက်ခံထားရှိမည်ဖြစ်ပြီးစိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးမှုများ ပြုလုပ်ပေးခြင်း၊ ရုပ်ပိုင်းဆိုင်ရာစောင့် ရှောက်မှုများပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခြင်း၊ အသက်မွေး ဝမ်းကျောင်းပညာရပ်များ သင်ကြားပေးခြင်းတို့ ပြုလုပ်ပေးသွားမည် ဖြစ်သည်။
လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေး မှူးဒေါ်ယုယုဆွေက “အဲ့ဒီဂေဟာမှာ အသက်မွေးဝမ်းကျောင်း ပညာ တွေကိုသင်ပေးမှာ တော့မဟုတ်ပါဘူး။ သူတို့တွေက သင်ချင်တယ်ဆိုရင် လူမှုဝန်ထမ်းဦးစီးဌာနက ဖွင့် လှစ်ထားတဲ့ကျောင်းတွေနဲ့ ချိတ်ဆက်ပေးတာပါ” ဟု ပြောသည်။
မြဝတီမြို့တွင်ဖွင့်လှစ်သည့် ယာယီစောင့်ရှောက်ရေး ဂေဟာသည် တတိယမြောက်ဖွင့်လှစ်သည့် ဂေဟာဖြစ်ပြီး ပထမဆုံးဂေဟာကို ၂၀၁၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်က ရှမ်းပြည်နယ် မူဆယ်မြို့တွင် ဖွင့်လှစ်ခဲ့ပြီး ဒုတိယမြောက် ဂေဟာအဖြစ် ဧပြီလက တနင်္သာရီတိုင်း၊ ကော့သောင်းမြို့တွင် ဖွင့်လှစ်ခဲ့သည်။
No comments:
Post a Comment