ရွှေဟင်္သာ
မွန်ပြည်နယ် လူငယ်ထု အတွင်း စိုးရိမ် စရာ အခြေအနေ အထိ ကြီးထွား လာနေသည့် မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကား မှုအား အချိန်တိုနှင့် ထိထိ ရောက်ရောက် ဖြေရှင်း နိုင်ရန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၊ ပြည်နယ် အစိုးရနှင့် ပြည်ထောင်စု အစိုးရတို့ အကြား ပူးပေါင်း လုပ်ဆောင်၍ တိုက်ဖျက် သင့်ကြောင်း မွန်ပြည်နယ် လွှတ်တော် အမတ် ဒေါက်တာ အောင်နိုင်ဦးက ရွှေဟင်္သာ သတင်းဌာနအား ဒီဇင်ဘာလ (၉) ရက်နေ့၌ ပြောကြား ခဲ့သည်။
“အာဏာပိုင် တွေက နေပြီး တိတိကျကျ ဥပဒေနဲ့ အညီ ထိထိရောက်ရောက် မကိုင်တွယ် နိုင်လို့ ဒီလို ဖြစ်နေရတာ၊ အကောင်းဆုံး ကတော့ ဒီကိစ္စသည် တိုင်းရင်းသား လက်နက် ကိုင်ရော ပြည်နယ် အစိုးရရော၊ ပြည်ထောင်စု အစိုးရရော သုံးဦး သုံးဖလှယ် ဝိုင်းဝန်း ပြီးတော့ ကူညီ ဖြေရှင်းမယ် ဆိုရင် အချိန်တိုတို အတွင်းမှာ ကင်းစင် ပပျောက် နိုင်မယ်လို့ ယုံကြည်တယ်” ဒေါက်တာ အောင်နိုင်ဦးက ရွှေဟင်္သာသတင်း ဌာနအား ဒီဇင်ဘာလ (၉) ရက်နေ့၌ ပြောကြား ခဲ့သည်။
ပြည်နယ် အတွင်း ကြီးထွား လာနေသည့် မူးယစ်ဆေးဝါး သုံးစွဲ နေမှု ပြသနာ များနှင့် ပတ်သက်၍ ပြီးခဲ့သည့် ဒီဇင်ဘာလ (၇) ရက်နေ့တွင် ကျင်းပ ခဲ့သည့် ပထမအကြိမ် ပြည်နယ် လွှတ်တော်၏ ဒဿမ ပုံမှန် အစည်းအဝေး ၌လည်း ဒေါက်တာ အောင်နိုင်ဦးမှ လွှတ်တော် အစည် အဝေး အတွင်း မေးခွန်း မေးမြန်း ခဲ့သည်။
အာဏာပိုင် များမှ မွန်ပြည်နယ် အတွင်း မူးယစ်ဆေးဝါး ဖမ်းဆီး တိုက်ဖျက်ရေး လုပ်ဆောင် ရာ၌ ပြည်သူ လူထု၏ ပူးပေါင်း ပါဝင်မှု အားနည်း နေသေးကြောင်း ဗိုလ်မှူးကြီး ဌေးမြင့်အောင်က ရွှေဟင်္သာ သတင်းဌာနအား ဒီဇင်ဘာလ (၈) ရက်နေ့၌ ပြောကြား ခဲ့သည်။
“ကျွှန်တော်တို့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့တွေ ဖွဲ့ပြီး ကွင်းဆင်း ဖမ်းဆီးတယ်၊ စီမံချက်တွေ ဆွဲပြီးတော့လည်း ဖမ်းတယ်၊ ခက်တာက လူတွေက သတင်း မပေးကြဘူး၊ ဒီခေတ်မှာက မူးယစ်ဆေးဝါး ဆိုတာက ထုတ်လုပ် ရတာ သယ်ဆောင် ရတာ လွယ်တယ် ၊ သေးသေးလေးတွေ အပြား လေးတွေ၊ လူတွေက လူမုန်း မခံကြဘူး၊ သတင်း မပေး ကြဘူး ဆိုတော့ ဖမ်းဆီးရေး အတွက် ခက်နေတယ်၊ ဒီလိုပဲ လုံးချာလည် လိုက်နေတယ် ” ဗိုလ်မှူးကြီး ဌေးမြင့်အောင်က ရွှေဟင်္သာ သတင်းဌာနအား ဒီဇင်ဘာလ (၈) ရက်နေ့၌ ပြောကြား ခဲ့သည်။
အောက်ခြေ ဖမ်းဆီးရေး အဖွဲ့ အနေဖြင့်လည်း ဖမ်းဆီးရေး အဖွဲ့ဝင် အင်အား နည်းပါးခြင်းနှင့် သတင်း အချက်အလက် ရရှိမှု အားနည်းခြင်း များကြောင့် ဖမ်းဆီးရေး၊ တိုက်ဖျက်ရေး လုပ်ငန်းစဉ် တွင်ကျယ် သင့်သလောက် မတွင်ကျယ် ကြောင်းလည်း မော်လမြိုင် ခရိုင် မှုခင်း အကူဌာနမှ ရဲအုပ် ကျော်နီထွန်း ကလည်း ရွှေဟင်္သာ သတင်းဌာနအား ဒီဇင်ဘာလ (၈) ရက်နေ့၌ ပြောကြား ခဲ့သည်။
““သူတို့ လူဦးရေ အချိုးနဲ့ ကျွှန်တော်တို့ ဖမ်းဆီးရေး အဖွဲ့ဝင် အချိုးနဲ့က သူတို့က များနေတဲ့ အချိန်မှာ ကျွှန်တော်တို့ အတွက် အချက်အလက် တွေက စုဆောင်းရတာ ခက်ခဲတဲ့ အခြေအနေ ဖြစ်တဲ့ အတွက်ကြောင့် ဒီလူတန်းစား ပေါင်းစုံ ပူးပေါင်း ပါဝင်ပြီးတော့ အမျိုးသားရေး တာဝန် တရပ် အနေနဲ့ လုပ်ဆောင်မှ အဆင်ပြေ နိုင်မယ်၊ နို့မို့ ဆိုရင် ဖမ်းဆီးရေး အဖွဲ့ တစ်ဖွဲ့ တည်းနဲ့ ဆိုရင် ဒါဟာ ရာခိုင်နှုန်းပြည့် မအောင်မြင် နိုင်ဘူး” ဟု ရဲအုပ် ကျော်နီ ထွန်းက ရွှေဟင်္သာ သတင်း ဌာနအား ပြောသည်။
မွန်ပြည်နယ်၌ ၂၀၁၄ ခုနှစ် ဇန်နဝါရီ လမှ စ၍ နိုဝင်ဘာလ (၂၄) ရက်နေ့ အထိ မူးယစ်ဆေးဝါး ဖမ်းဆီး ရမိမှုပေါင်း (၁၅၀) ကြိမ် ရှိကာ ဆေးခြောက်မှု (၁၈) မှု၊ စိတ်ကြွှဆေးမှု (၁၃၀) မှုနှင့် အိုက်စ် ခေါ် ခရစ်စတယ်ခဲ (၂) မှု စုစုပေါင်း (၁၅၀) နှင့် တရားခံ ကျား (၁၉၅) ဦး မ (၁၇) တို့အား ဖမ်းဆီး ရမိ ထားပြီး ဖြစ်ကြောင်း မွန်ပြည်နယ် နယ်စပ် ကာကွယ်ရေးနှင့် လုံခြုံရေး ဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးကြီး ဌေးမြင့်အောင်၏ လွှတ်တော်၌ ဖြေကြား ထားချက် အရ သိရှိ ရသည်။
ထိုသို့ ဖမ်းဆီး ရမိ ခဲ့မှု များအနက် မော်လမြိုင် မြို့နယ်သည် မူးယစ်ဆေးဝါး ဖမ်းဆီး ရမိမှု အများဆုံး ဖြစ်ကြောင်း ရဲအုပ် ကျော်နီထွန်းက ပြောကာ အမှု အရေအတွက်ကို ထုတ်ဖော် ပြောကြားရန် ငြင်းဆို ခဲ့ပြီး စိတ်ကြွှဆေး အလုံးပေါင်း ထောင်ချီ၍ မော်လမြိုင် မြို့နယ် အတွင်း၌ ဖမ်းဆီး ရမိ ခဲ့ကြောင်း ၎င်းမှ ပြန်လည် ဖြေကြား ခဲ့ပါသည်။
မွန်ပြည်နယ် အတွင်း ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် ဇွန်လ (၁) ရက်နေ့ ကပင် “မိုးကြိုး” စီမံချက်ဖြင့် မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကား သုံးစွဲမှု များအား စီမံချက်ဖြင့် တိုက်ဖျက် နေခဲ့သည်။
မိုးကြီး စီမံချက် အရ မော်လမြိုင် မြို့နယ်နှင့် သထုံ မြို့နယ် တို့တွင် တပ်စွယ် တစ်ဖွဲ့ဆီ ထားရှိပြီး ၊ တပ်ဖွဲ့စု အမှတ် (၃၈) နှင့် (၃၉) တို့အားလည်း မွန်ပြည် အတွင်း ဖြန့်ကျက် ချထားကြောင်း ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ လ၌ ကျင်းပ ခဲ့သည့် ပြည်သူ့ လွှတ်တော် အစည်းအဝေး၌ ပြည်ထဲရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်၏ ပြည်သူ့ လွှတ်တော် တွင်း၌ မေးခွန်း တစ်ရပ်အား ဖြေဆို ထားချက် အရ သိရှိ ရသည်။
၂၀၁၃ ခုနှစ် အတွင်း၌ မူးယစ် အမှုပေါင်း ၁၀၅ မှု၊ တရားခံ ကျား ၁၄၅ ဦး ၊မ ၂၃ ဦး၊ ပေါင်း ၁၆၈ ဦး ဆေးခြောက် ၄.၅၁၇ ကီလို ၊ စိတ်ကြွ ဆေးပြား၂ ၀၇, ၂၄၃ ပြား၊ဘိန်းစာရွက် ၁၆.၄၃ ဂရမ်၊ စိတ်ပြောင်း ဆေးဝါး ၂၇၉ ပြား၊ စုစုပေါင်း တန်ဖိုးငွေ ကျပ် ၇၃, ၅၈၁, ၇၇၅ ကို ဖမ်းဆီး ရမိ ထားပြီး ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ လတွင်း၌ ပြည်ထဲရေး ဒု-ဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ပြည်သူ့ လွှတ်တော် အစည်းအဝေး အတွင်း မေးခွန်း တစ်ရပ်၌ ပြန်လည် ဖြေကြား ထားခဲ့သည်။
ထိုသို့ စီမံချက်များ ၊ အာဏာပိုင် များ၏ ဖမ်းဆီး အရေးယူ ဆောင်ရွက် မှုများ ရှိနေ ခဲ့သော်လည်း မွန်ပြည်နယ် အစိုးရ၏ ၂၀၁၁ ခုနှစ်မှ စ၍ ၂၀၁၄ ခုနှစ် အထိ သုံးနှစ်တာ သက်တမ်း အတွင်း ဤမူးယစ်ဆေးဝါး ပြသနာကို ထိထိရောက်ရောက် မကိုင်တွယ် မဖြေရှင်း နိုင်သေးသည့် အခြေ အနေအား ဒေါက်တာ အောင်နိုင်ဦးက ထောက်ပြ ပြောဆို ခဲ့ခြင်းလည်း ဖြစ်သည်။

No comments:
Post a Comment