မင်းမင်း
တန်ဖိုးနည်း အိမ်ရာများကို ပြည်တွင်းဘဏ်များ သို့မဟုတ် နိုင်ငံတကာဘဏ်များနှင့် ချိတ်ဆက်ပြီး နှစ် ၂၀ ချေးငွေ စနစ်ဖြင့် ပြည်သူများအား ၀ယ်ယူခွင့်ပြုရန် အမတ်တစ်ဦး၏ အရေးဆိုမှုကို လွှတ်တော်အမတ်အများ စုက ကန့်ကွက်ခဲ့သည်။
အဆိုပါအစီအစဉ်ကို တိုင်းအစိုးရကလည်း လက်မခံသောကြောင့် ဒီဇင်ဘာ ၅ ရက်တွင်ပြုလုပ်သည့် တိုင်း လွှတ်တော် အထူးအစည်းအဝေး တွင် မတ်တတ်ရပ်စနစ်ဖြင့် မဲခွဲဆုံးဖြတ်ခဲ့ရာ လွှတ်တော်အမတ်ဦးရေ၁၀၀ ကျော်အနက် ဆယ်ဦးခန့်သာ ထောက်ခံခြင်းဖြစ်သည်။
ရန်ကုန်တိုင်း အစိုးရ၏ အစီအစဉ်ဖြင့် ရောင်းချပေးနေသည့် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများသည် အခြေ ခံပြည်သူများအတွက် လက်လှမ်းမမီသည့် ဈေးနှုန်းဖြစ်သောကြောင့် နှစ်ရှည်ချေးငွေဖြင့် ၀ယ်ယူခွင့်ပြုရန် ဒီဇင်ဘာ ၃ ရက်က တင်သွင်းခဲ့သည့် ဗဟန်း အမတ် ဒေါက်တာညိုညို သင်း၏အဆို ရှုံးနိမ့် သွားခြင်းဖြစ် သည်။
အဆိုရှင် ဒေါက်တာညိုညိုသင်းက “အစိုးရအဖွဲ့ရဲ့သက်တမ်းက တစ်နှစ်ပဲ ကျန်တာဆိုတော့ အလုပ်ရှုပ် မှာ စိုးတာပေါ့လေ။ ခက်ခက်ခဲခဲ မလုပ်ချင်တဲ့ သဘောပေါ့” ဟု လွှတ်တော်အစည်းအဝေးအပြီး မီဒီယာများ၏ မေးမြန်းမှုကို ပြောသည်။ “အစိုးရအနေနဲ့ တာဝန်ယူစိတ်၊ တာဝန်ခံစိတ်ရှိသင့်ပါတယ်။ ပြည်သူတွေနေစရာ မရှိတာဟာ အစိုးရများရဲ့ တာဝန်ဆိုတာ လေးလေးနက်နက် သဘောပေါက်ထားစေ ချင်ပါတယ်” ဟု အဆိုရှင်က ဝေဖန်ခဲ့သည်။
တိုင်းအစိုးရအဖွဲ့မှ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးစိုးမင်းကမူ အဆိုပါ အစီအစဉ်သည် နိုင်ငံတော်၏ အစီ အမံဖြစ်သောကြောင့် တိုင်းအစိုးရက စီမံခန့်ခွဲပိုင်ခွင့်မရှိဟု အကြောင်းပြချက်ပေးသည်။
အဆိုကို လွှတ်တော် အမတ်သုံးဦးက ဆွေးနွေးခဲ့ပြီး ယင်းတွင်ပါဝင်သူ လှိုင်သာယာမြို့နယ်မှ တိုင်းအမတ် ဦးကျော်မျိုးက “အိမ်ခန်း တစ်ခန်းငှားရင် တော်တော် နုံနုံချာချာ အိမ်တောင် တစ်လကို ငါးသောင်း ပေးနေရ ပါတယ်။ ငါးသောင်းနဲ့ နှစ်ပေါင်း နှစ် ဆယ်လောက်ပေးနေရင် သိန်းတစ်ရာကျော် ကုန်မှာပဲလေ”ဟု ဆွေးနွေးသည်။ အာဏာရပါတီ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဝင်အမတ်များနှင့် တပ်မတော်သားတို့ ကန့် ကွက်ခဲ့ခြင်းကြောင့် ပျက်ပြယ်သွားခြင်းဖြစ်သည်။
ပြည်ခိုင်ဖြိုးပါတီဝင် ဦးနေမျိုးအောင်က “ဒါကို မဲခွဲမယ်ပြောတာ လွှတ်တော်ကို အကျပ်ရိုက်အောင်လုပ်တာ။ ကျွန်တော်တို့လက်ရှိ အနိုင်ရပါတီကို ရှုတ်ချတဲ့သဘောပဲ ဖြစ်တယ်။ မဖြစ်နိုင်ဘူးဆိုတာ သိရဲ့သားနဲ့ သူနာ မည်ကြီးအောင် အမြတ်ထုတ်တဲ့ သဘောပဲ”ဟု ဆိုသည်။
ရန်ကုန် မြို့တော်ရှိ မြို့နယ် ၃၃ ခုတွင် ကျူးကျော် အိမ်ထောင်စု ၃၈,၀၀၀ ခန့်ရှိသည်ဟု မြို့တော်ဝန်က ပြော ဆိုထားသည်။ ရှေ့ပြေး သန်းခေါင် စာရင်း အရ ရန်ကုန်တိုင်းတွင် လူဦးရေ ငါးသန်းကျော် နေထိုင်ပြီး မြို့တော် အတွင်း အိမ် ငှားရမ်းခများ တရိပ်ရိပ်တက် လာ နေ သည်။
No comments:
Post a Comment