Mizzima
လိုင်ဇာရှိ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ၏ ဗိုလ်လောင်းသင်တန်းကျောင်း လက်နက်ကြီးဖြင့် ပစ်ခတ်ခံရမှုကြောင့် ကျဆုံးခဲ့သည့် ဗိုလ်လောင်းများအတွက် ရည်စူး၍ ဝမ်းနည်းခြင်း အထိမ်းအမှတ်ပွဲကို အမေရိကန်နိုင်ငံ အိုင်အိုဝါပြည်နယ်ရောက် ရခိုင်တိုင်းရင်းသားများက အိုင်အိုဝါပြည်နယ်၊ Des Monies မြို့ အသောကရာမကျောင်းတွင် ပြုလုပ်ခဲ့သည်။
ဝမ်းနည်းခြင်းအထိန်းအမှတ် အခမ်းအနားသို့ တိုင်းရင်းသား ၁၀၀ကျော် တက်ရောက်ခဲ့ပြီး ဆရာတော်ကြီးများထံမှ သြဝါဒ ခံယူကာ ကျဆုံးရခိုင်သူရဲကောင်းများကို တစ်မိနစ်ခန့် အလေးပြုခဲ့သည်။
အခမ်းအနားတွင် တက်ရောက်လာသူများထဲမှ ကိုညီညီက ကေအိုင်အေ ဗိုလ်သင်တန်းကျောင်းတွင် ရခိုင်ဗိုလ်လောင်း ၈ ဦး ကျဆုံးခြင်းသည်ရခိုင်တပ်မတော်နှင့် ရခိုင်ပြည်နယ် အနာဂတ်၏ ကြယ်ပွင့်များ ဆုံးရှုံးရခြင်းဖြစ်ပြီး ရခိုင်လူမျိုးများ၏ ကံကြမ္မာ၊ ကိုယ်တိုင်ဖန်တီးခွင့်အတွက် ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ပြောခဲ့သည်။
အခမ်းအနားအပြီး အိုင်အိုဝါရောက်ရခိုင်များက ထုတ်ပြန်ချက်တစ်စောင် ထုတ်ဝေခဲ့ကာ အဖွဲ့အစည်း အသီးသီးကို ဖြန့်ဝေခဲ့သည်။
နိုဝင်ဘာ ၁၉ ရက်က လိုင်ဇာအနီး ဗိုလ်သင်တန်း ကျောင်းသို့ အစိုးရတပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် သေဆုံး ခဲ့ရသည့် သင်တန်းသား ၂၃ ဦးတွင် ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) မှ ၁၁ ဦး၊ ရခိုင်အမျိုးသား တပ်မတော် (AA) မှ ၈ ဦး၊ ချင်းအမျိုးသား တပ်ဦး (CNF) မှ ၂ ဦး၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) မှ ၂ ဦးတို့ ပါဝင်သည်။
ယင်းအပြင် သင်တန်းသား ၂၀ဦး ဒဏ်ရာ ရရှိခဲ့ပြီး ချင်းအမျိုးသား တပ်ဦး (CNF) မှ ၃ ဦး၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) မှ ၈ ဦး၊ ရခိုင် အမျိုးသား တပ်မတော် (AA) မှ ၅ ဦးနှင့် ကေအိုင်အေမှ သင်တန်း နည်းပြ ၄ ဦး တို့ဖြစ်သည်။
No comments:
Post a Comment