သိင်္ဂီထွန်း
နော်ဝေနိုင်ငံ၏ ပဉ္စမမြောက် ဟာရာဘုရင်နှင့် မိဖုရား ဆွန်ယာတို့ဟာ မြန်မာနိုင်ငံခရီးစဉ်အဖြစ် နိုဝင်ဘာ ၃၀ရက် ညနေက ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့သည်။
နော်ဝေဘုရင်နှင့် မိဖုရား၏ နိုဝင်ဘာ ၃၀ ရက်မှ ဒီဇင်ဘာ ၅ ရက်အထိ ခရီးစဉ်အတွင်း ဒီဇင်ဘာ ၁ရက်တွင် နေပြည်တော်သို့ သွားရောက် မည်ဖြစ်ပြီး သမ္မတ ဦးသိန်းစိန်၊ ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်း၊ နိုဘယ်ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည် တို့နှင့် တွေ့ဆုံရန် စီစဉ်ထားပြီး ညနေပိုင်းတွင် မီဒီယာ အချို့နှင့် တွေ့ဆုံရန် ရှိသည်။
ဒီဇင်ဘာ ၂ရက်တွင် ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌ မိန့်ခွန်းပြောကြားရန်ရှိပြီး ရွှေတိဂုံဘုရားကိုလည်း သွားရောက်ဖူးမျှော်မည်ဖြစ်သည်။ ယင်းအပြင် နော်ဝေဘုရင်က အာဆီယံ အစိမ်းရောင်စီးပွားရေး ဗဟိုဌာနကိုလည်း သွားရောက်ဖွင့်လှစ်မည် ဖြစ်သည်။
ဘုရင်နှင့် မိဖုရား၏ ခရီးစဉ်အတွင်း နော်ဝေ နိုင်ငံခြားရေးဝန်ကြီး Mr Borge Brende၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး Ms Monica Mæland၊ အပါအဝင် အစိုးရအဖွဲ့ ဝန်ကြီးများနှင့်အတူ နော်ဝေကုမ္ပဏီ ၄၀ လောက် လိုက်ပါခဲ့သည်။
နော်ဝေနိုင်ငံသည် မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွင် အဓိက အခန်းကဏ္ဍက ပါဝင်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အဓိက ကူညီအားပေးနေသည့် နိုင်ငံဖြစ်သည်။ ယင်းအပြင် ဥရောပနိုင်ငံများက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် ပိတ်ဆို့မှုများကို နော်ဝေက ဦးစွာ ရုတ်သိမ်းပေးသည့် နိုင်ငံလည်း ဖြစ်သည်။
နော်ဝေ နိုင်ငံခြားရေးဝန်ကြီး Mr, Borge Brend ကလည်း နိုဝင်ဘာ ၃၀ ရက် နံနက်ပိုင်းက ရန်ကုန်-ပဲခူးလမ်းပေါ်ရှိ ဟံသာဂါးဒင်း ဟိုတယ်တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ဦးအောင်မင်း၊ မြန်မာငြိမ်းချမ်းရေး စင်တာမှ ကိုယ်စားလှယ်များ၊ ပဲခူးတိုင်းအတွင်းရှိ အစိုးရတာဝန်ရှိသူများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ပါဝင်ပတ်သက်သည့် အဖွဲ့များနှင့် တွေ့ဆုံခဲ့သေးသည်။
ရန်ကုန်မြို့ နော်ဝေသံရုံးကို ၂၀၁၂ခုနှစ်က နော်ဝေ ဝန်ကြီးချုပ်က လာရောက်ဖွင့်လှစ်ပေးခဲ့သည်။
No comments:
Post a Comment