Friday, December 26, 2014

လက်ပံတောင်းတောင် ပဋိပက္ခအတွက် ဆန္ဒပြမှုများ ဆက်တိုက်ဖြစ်ပွား

မင်းမင်း

စီမံကိန်း ဧရိယာအတွင်းပါဝင်ပြီး လျော်ကြေးမြေ မယူထားသော လယ်ယာမြေများပေါ်တွင် ဝမ်ပေါင်ကုမ္ပဏီဝန်ထမ်းများက ခြံစည်းရိုးဝင်ခတ်ရာ လက်ပံတောင်းတောင် ဒေသခံတောင်သူများက ကန့်ကွက်ခဲ့ခြင်းကြောင့် လုံခြုံရေးယူထားသော ရဲတပ်ဖွဲ့တို့က ပစ်ခတ်နှိမ်နင်းခဲ့သဖြင့် အမျိုးသမီး တစ်ဦးသေဆုံးခဲ့ပြီး ဒေသခံအများအပြား ဒဏ်ရာရရှိပြီးနောက် အာဏာပိုင်များ၏ အကြမ်းဖက် လုပ်ရပ်အပေါ် ကန့်ကွက်ဆန္ဒပြမှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့သည်။

ဒီဇင်ဘာ ၂၂ ရက်က ဒေသခံ ဒေါ်ခင်ဝင်း သေဆုံးပြီးနောက် ဒီဇင်ဘာ ၂၃ ရက် စတင်ပြီး ဆန္ဒပြသူများက ရန်ကုန်ရှိ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရှေ့အပါအဝင် ရန်ကုန်မြို့ရှိ နေရာအတော်များများ တွင် အစိုးရ၏ လုပ်ရပ်အပေါ် ကန့်ကွက် ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

နိုဝင်ဘာ ၂၅ရက်၊ ညနေပိုင်းတွင် တရုတ်သံရုံးရှေ့ ဆန္ဒပြမည်ဟု သတင်းထွက်လာပြီးနောက် သံရုံးရှေ့တွင် လုံခြုံရေး ထူထပ်စွာချထားပြီး သံရုံးရှေ့ရှိ ပြည်ထောင်စုရိပ်သာလမ်းကို လုံခြုံရေးရဲ များက သံဆူးကြိုးများဖြင့် လမ်းပိတ်ထားသလို အဝါရောင်ကြိုးတားပြီး ပိတ်ဆို့ထားသည်ကို တွေ့ရသည်။

ယင်းနောက် ဆန္ဒပြသူဆယ်ဦးက ဗဟိုလမ်းနှင့် ပြည်ထောင်စုရိပ်သာလမ်းထောင့်တွင် ကြွေးကြော်သံများဖြင့် ဆန္ဒပြခဲ့ကြသည်။

သံရုံးရှေ့တွင် ဆန္ဒပြခဲ့သည့် ကိုမြတ်ကျော်က “ရေတစ်ဗူး၊ ခမောက်တစ်လုံးပဲရှိတဲ့ လယ်သူမကြီးကို ပစ်သတ်တယ်ဆိုတာ တရားမျှတလား၊ တရား မမျှတဘူးလားဆိုတာ ထမင်းစားတဲ့သူ တိုင်းသိပါတယ်။ အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေးကို တစိုက်မတ်မတ် ကြွေးကြော်လာတဲ့ အစိုးရ၊ တပ်မတော်၊ လွှတ်တော် ဘာလုပ်မှာလဲ ကျွန်တော်တို့ စောင့်ကြည့်မှာပါ” ဟု ပြောသည်။

ဆန္ဒပြသူများက “အမျိုးသားအချုပ်အခြာအာဏာထိပါးနေသည့် လက်ပံတောင်းတောင်စီမံကိန်း ချက်ချင်းရပ်၊ ပြည်သူ့ဘဝလုံခြုံရေး တရားဥပဒေနှင့်အညီကာကွယ်ပေး၊ အမျိုးသားအချုပ် အခြာအာဏာ ထိပါးနေပြီ၊ အစိုးရ ဘာလုပ်မှာလဲ” စသည့် ကြွေးကြော်သံများဖြင့် လူအင်အားနှစ်ဆယ်ခန့် ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

ထို့နာက် ညနေ ၅နာရီခွဲတွင် ကျောင်းသားများနှင့် အရပ်ဘက်အဖွဲ့အစည်းအချို့ဦးဆောင်ပြီး လူအင်အား တစ်ရာခန့်ကလည်း လှည်းတန်းခုံးကျော်တံအားအောက်မှတစ်ဆင့် အင်းစိန်လမ်း ကိုဖြတ်ပြီး ပြည်လမ်းပေါ်ရှိ အင်းလျားကန်ဘောင်ပေါ်ထိ လမ်းလျှောက်ဆန္ဒပြခဲ့ကြသေးသည်။

အနက်ရောင်ဝတ်စုံများဝတ်ဆင်ထားသည့် ဆန္ဒပြသူများက ဖယောင်းတိုင်မီးများ ကိုယ်စီ ကိုင်ဆောင်ပြီး “လက်ပံတောင်းတောင် အကြမ်းဖက်ဖြေရှင်းမှု ရပ်၊ လူသတ်အစိုးရ ကျဆုံးပါစေ၊ ဝမ်ပေါင် ထွက်သွား” စသည့် ကြွေးကြော် သံများဖြင့် ဆန္ဒပြခဲ့သည်။

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂမှ ဗဟိုကော်မတီဝင် ကိုနန္ဒာစစ်အောင်က “မကြာခင်က ကိုပါကြီးကိစ္စဗျာ။ အခုတစ်ခါ လက်ပံတောင်းလာပြန်ပြီ။ အဲ့ဒီအခါကျတော့ ဒီအစိုးရရဲ့ အကြမ်းဖ က်ဖြေရှင်းမှုကို ကျွန်တော်တို့ ဘယ်လိုမှလက်မခံနိုင်ဘူး။ ဒါကြောင့်မို့လို့ ဒီလှုပ်ရှားမှုကို လုပ်ရ တာဖြစ်တယ်” ဟု ဆန္ဒပြရာတွင် ပါဝင်သည့် ဆိုသည်။ 


တရုတ်သံရုံး ဝမ်းနည်းကြောင်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကလည်း ဒီဇင်ဘာ ၂၅ ရက်တွင် လက်ပံတောင်းပဋိပက္ခနှင့် ပတ်သက်၍ ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ကြေညာချက်တွင် လက်ပံတောင်းစီမံကိန်းတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခတွင် ဒေသခံပြည်သူများနှင့် ရဲဝန်ထမ်း ဒဏ်ရာရမှု၊ ဒေသခံတစ်ဦး သေဆုံးရမှုတို့ကို ၀မ်းနည်းမိပါကြောင်း၊ လက်ပံတောင်းစီမံကိန်းတွင် အလုပ်လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားများ၏ လုံခြုံရေးကို စိုးရိမ်မိပါကြောင်း၊ ယခုဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာ အာဏာပိုင်များက စုံစမ်းစစ်ဆေးပြီးနောက် ပေါ်ထွက် လာမည့် ရလဒ်ကို မျှော်လင့်မိပါကြောင်း စသည်ဖြင့် ဖော်ပြပါရှိသည်။

လက်ပံတောင်း ပဋိပက္ခကြောင့် ဒီဇင်ဘာ ၂၂ ရက်က သေနတ်ထိမှန် သေဆုံးခဲ့ရသည့် မိုးကြိုးပြင်အလယ်ရွာသူ ဒေါ်ခင်ဝင်းအတွက် ဒီဇင်ဘာ ၂၅ ရက် မွန်းလွဲ ၁၂ နာရီတွင် သေဆုံးသူနေအိမ်မှ သေနတ်ပစ်ခံခဲ့ရသည့် မိုးကြိုးပြင် ကျေးရွာ ယာမြေနေရာသို့ ဒေသခံများ ချီတက်အလေးပြုခဲ့ကြသည်။

အဆိုပါ ချီတက်အလေးပြုအခမ်းအနားပြီးနောက် မွန်းလွဲ ၂ နာရီတွင် ဒေါ်ခင်ဝင်းရုပ်အလောင်းကို မိုးကြိုးပြင် အလယ်ရွာ သုသာန်၌ ဂူသွင်းသဂြိုလ်ခဲ့သည်။

ယင်းအပြင် အဆိုပါ ဖြစ်ရပ်အတွက် သေနတ်ပစ်ရန် အမိန့်ပေးသူကို အရေးယူပေးရန် ပြည်မြို့ရှိ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတို့ကလည်း ဒီဇင်ဘာ ၂၅ ရက်တွင် သပိတ်စခန်းဖွင့် တောင်းဆိုကြသည်။ ဒီဇင်ဘာ ၂၄ ရက်ကလည်း ပြည်မြို့တွင် နိုင်ငံရေးတက်ကြွ လှုတ်ရှား သူ ခုနစ်ဦးက ဖယောင်းတိုင်မီးထွန်း ဆန္ဒပြချီ တက် ခြင်း၊ ရွှေဆံတော် ဘုရားတွင် ၀တ်ပြုဆုတောင်းခြင်းများပြုလုပ်ကြသေးသည်။

ဒီဇင်ဘာ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် လက်ပံတောင်းဒေသရှိ မိုးကြိုးပြင်ရွာနှင့် ဆည်တဲရွာတို့မှ မြေယာလျော်ကြေး မယူထားသော မြေယာများကို ၀မ်ပေါင်ကုမ္ပဏီက ခြံစည်းရိုးခတ်သည်ကို ဒေသခံတောင်သူ များက တားဆီးရာမှ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သေနတ်ဖြင့် ပစ်၍ အကြမ်းဖက် ဖြိုခွဲခဲ့သောကြောင့် မိုးကြိုးပြင်အလယ်ရွာမှ ဒေါ်ခင်ဝင်းသေဆုံးခဲ့ပြီး ဆည်တည်းရွာမှ အမျိုးသားနှစ်ဦး သေနတ်ဒဏ်ရာရခဲ့သည်။

No comments: