Thursday, December 4, 2014

ရွှေပြည်သာမြို့နယ်တွင် ရပ်ကွက် အုပ်ချုပ်ရေးမှူးကို ရပ်ကွက်သားများ ဆန္ဒပြ

ခင်မြတ်မြတ်ဝေ

ရွှေပြည်သာ မြို့နယ် ဎ ၊၃၇၊ ၁၃ ရပ်ကွက်ရှိ ရပ်ကွက် အုပ်ချုပ်ရေးမှူးသည် ပြည်သူ့ဆန္ဒကို အလေးမထားဘဲ ဥပဒေကိုအလွဲသုံးစားလုပ်သည်ဟုဆိုကာ ရပ်ကွက်အုပ်ချုပ်ရေးမှူး အသစ်ပြန်လည်ရွေးချယ်ပေးရန် ပြည်သူအယောက် ၁၀၀ ခန့်က ဒီဇင်ဘာ ၃ ရက်တွင် ဆန္ဒပြတောင်းဆိုခဲ့သည်။

"ဒီအုပ်ချုပ်ရေးမှူးက သာသနာကိုလည်း စော်ကားတယ်။ ဘုရားတည်ထားတဲ့ တဲကို သူသဘောနဲ့သူ ဖျက်ခဲ့တာတွေ ရှိတယ်။ နောက် လူမှုထောက်ကူ အဖွဲ့ဆိုတာ ဘယ်သူကမှ မသုံးဘူးလို့ ပုဂ္ဂိုလ်ရေးအရ စော်ကားတာတွေ ရှိတယ်" ဟု ဆန္ဒပြရာတွင် ဦးဆောင်သူ ရွှေပြည်သာမြို့နယ် ၁၃ရပ်ကွက်တွင် နေသည့် ကိုခင်ဇော်က မဇ္ဈိမကို ပြောသည်။

ဆန္ဒပြသူများက 'သသာရေးကို အလေးမထားစော်ကားသည့် အုပ်ချုပ်ရေးမှူးကို အလိုမရှိ' 'ဥပဒေကို လိုသလို အသုံးချနေသော အုပ်ချုပ်ရေးမှူး အလိုမရှိ' 'ကိုယ်ကျိုးရှာ မျက်နှာလိုက်၊ စီးပွားရှာသည့် အုပ်ချုပ်ရေးမှူး အလိုမရှိ' 'အုပ်ချုပ်ရေးမှူး အသစ်ပြန်လည် ရွေးချယ်ပေးရေး' စသည့် အချက် ၅ ချက်ပါသည့် ဗီနိုင်းများ၊ ကြွေးကြော်သံများဖြင့် တောင်းဆိုခဲ့သည်။

ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကိုထက်အား မဇ္ဈိမက ဆက်သွယ်မေးမြန်း ရာ "ဆန္ဒပြတဲ့ ဦးဆောင်တဲ့သူတွေက အရင်က ဖြုတ်လိုက်တဲ့ရာအိမ်မှူးတွေပါတယ်။ ပုဂ္ဂိုလ်ရေးအရ အမြင်မကြည်လင်တာကြောင့် ဆန္ဒပြတာ ဖြစ်မှာပါ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ယောက်အနေနဲ့ ကျွန်တော် ဖြေရှင်းခဲ့တဲ့ နေရာမှာ အချက်အလက်တွေ ကျွန်တော့်မှာ ရှိပါတယ်။ ရှင်းလို့ရပါတယ်။" ဟု ပြောသည်။

ဆန္ဒပြပွဲနှင့် ပတ်သက်၍ ရွှေပြည်သာ မြို့နယ်ရှိ တိုင်းရင်းသား စည်လုံးညီညွှတ်ရေးပါတီ အတွင်းရေးမှူး ဒေါ်မျိုးမျိုးဝင်းက "ရပ်ကွကအုပ်ချုပ်ရေးမှူးတစ်ယောက်အနေနဲ့ ညဘက်ထဲက ဆန္ဒပြတဲ့နေရာကို ရပ်ကွက်သူ ရပ်ကွက်သားတွေမထွက်ဖို့ စာတွေလိုက်ကပ်တယ်။ တရားပွဲထဲမှာ လိုက်စည်းရုံး။ ဒါကတော့ အုပ်ချုပ်ရေးမှူးအနေနဲ့ စိတ်ဓာတ်မခိုင်မာဘူး ထင်တယ်။ မှားနေလို့ ပြည်သူတွေကပြောရင် ရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြင်လုပ်ရပ်တစ်ခု မှားရင်ပြင် အဲဒီက ကစားပွဲပေါ်မှာ နှစ်ဖက်ဆွေးနွေး ညှိနှိုင်းတဲ့ အနေအထားဖြစ်ရမယ်" ဟု ပြောသည်။

ဆန္ဒပြတောင်းဆိုမှုကို နံနက် ၇ နာရီမှ ၁၀ နာရီအထိကို ၁၃ ရပ်ကွက်မှ ရန်ကြီးအောင်လမ်း၊ မြောင်းမြလမ်း၊ သမာဓိလမ်း အတိုင်း ပန်းခြံ (၉)တွင် စုရပ်ဟောပြောပွဲများ ပြုလုပ်ခဲ့သည်။

No comments: