Saturday, December 27, 2014

လက်ပံတောင်းပဋိပက္ခ ဖြေရှင်းရန် စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို အုပ်ချုပ်ရေးအာဏာပေးရန် ဒေါ်အောင်ဆန်းစုကြည်တောင်း

မင်းမင်း

ပဋိပက္ခများဖြစ်ကာ တစ်ဦးသေဆုံးပြီး ဆယ်ဦးကျော် ဒဏ်ရာရရှိခဲ့သည့် လက်ပံတောင်းတောင် ကြေးနီးစီမံကိန်း ပဋိပက္ခများကို ဖြေ ရှင်းနိုင်ရန် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်ကို အုပ်ချုပ်ရေး အာဏာပေးမှသာ ၎င်းအနေဖြင့် ဖြေရှင်းနိုင်မည်ဟု ဟု ယင်းကော်မရှင်၏ ဥက္ကဋ္ဌလည်းဖြစ်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ လည်းဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် က ပြောကြားလိုက်သည်။

၎င်းက ကော့မှူးမြို့နယ်၌ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဖွင့်ထားသည့် HCTA (Hospitality And Catering Trainging Academy) တွင် ဒီဇင်ဘာ ၂၆ရက်က မီဒီယာများကို ပြောကြားခဲ့ခြင်းဖြစ်သည်။

"သူတို့တာဝန်ပေးထားတာက အစီရင်ခံစာ ရေးဖို့ပဲ ပေးထားတာ။ ကော်မရှင်က အစီရင်ခံစာ ရေးပြီးတဲ့အခါကျတော့ ကော်မရှင်က သိမ်းလိုက်ပြီ။ ကော်မရှင်မှ မရှိတော့ဘဲ ဘယ်လိုလုပ် ကော်မရှင်က တာဝန်ရှိတော့မလဲ။ တာဝန်ရှိသူတွေက အုပ်ချုပ်ရေးအာဏာ ပေးမှဖြစ်မယ်။ အုပ်ချုပ်ရေးအာဏာပါအပ်လိုက် အဲ့လိုဆိုလို့ရှိရင်တော့ လုပ်လို့ရတယ်"ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ဒီဇင်ဘာ ၂၂ရက်နှင့် ၂၃ရက်က ကြေးနီစီမံကိန်း ဧရိယာတွင် ပါဝင်သည့် လယ်မြေပေါ် ဝမ်ပေါင်ကုမ္ပဏီဝန်ထမ်းများက ခြံစည်းရိုးခတ်ရာမှ ဒေသခံ တောင်သူများက ကန့်ကွက်ခဲ့သည်ကို လုံခြုံရေးယူထားသည့် ရဲတပ်ဖွဲ့က ပစ်ခတ်နှိမ်နင်း၍ တောင်သူ ဒေါ်ခင်ဝင်း ဦးခေါင်းသို့ သေနတ်ကျည်ထိမှန်ကာ သေဆုံးခဲ့ပြီး ၁၀ဦးကျော် ဒဏ်ရာရခဲ့သည်။ ယင်း အကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် ဒေသခံများက ဝမ်ပေါင်ကုမ္ပဏီကို အရေးယူပေးရန် ဆားလင်းကြီးမြို့နယ် ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားထားသည်။

ယင်းပဋိပက္ခများသည် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာကို သမ္မတက တာဝန်ပေးထားသည့် အကောင်အထည်ဖော်ရေး ကော်မတီက ထိရောက်စွာ အကောင်အထည်ဖော်နိုင်ခြင်း မရှိဟုလည်း အမျိုးသားဒီမိုကရေစီအဖွဲကချုပ်က ဒီဇင်ဘာ ၂၄ရက်က ထုတ်ပြန်ခဲ့သေးသည်။ ကော်မတီအနေဖြင့် ကော်မရှင်၏ အကြံပြုချက်များကို တိတိကျကျ လိုက်နာခြင်း မရှိဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

"လုံးဝလို့ ပြောရင်တော့ အစွန်းရောက်မယ်ထင်တယ်။ အကောင်အထည်ဖော်တာတော့ ရှိပါတယ်။ ဒါပေမယ့် ပြည့်ပြည့်စုံစုံ မရှိဘူးပေါ့။ တိတိကျကျ မလိုက်နာဘူးပေါ့။ အကြံပြုချက်တွေကို"ဟု ၎င်းက ပြောသည်။

၂၀၁၂ခုနှစ် နိုဝင်ဘာ ၂၉ရက်က အကြမ်းဖက်ဖြိုခွဲခံရသည့် လက်ပံတောင်း သပိတ်စခန်းအရေးနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရန် သမ္မတ၏ အမိန့်ဖြင့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ၂၀၁၂ခုနှစ်၊ ဒီဇင်ဘာ ၃ရက်က ဖွဲ့စည်းခဲ့သည်။ ယင်းကော်မရှင်တွင် ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌ အဖြစ် ဦးဆောင်ပြီး အဖွဲ့ဝင် ၁၃ဦး ပါဝင်ခဲ့သည်။ ကော်မရှင်က ငါးလကြာ စုံစမ်းစစ်ဆေးကာ အကြံပြုချက်များ ပါဝင်သည့် အစီရင်ခံစာကိုမူ ၂၀၁၃ခုနှစ် မေလအတွင်းက ထုတ်ပြန်ခဲ့သည်။ ယင်းနောက်တွင် စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ဖျက်သိမ်းခဲ့ပြီး ကော်မရှင်၏ အကြံပြုချက်များကို အကောင်အထည်ဖော်ရန် အစိုးရအဖွဲ့လူကြီးများ ပါဝင်သည့် အကောင်အထည်ဖော်ရေး ကော်မတီကို ဖွဲ့စည်းခဲ့သည်။

သို့သော် ယင်းကော်မတီက ကော်မရှင်၏ အကြံပြုချက်များကို ထိရောက်စွာ အကောင်အထည်မဖော်သည့်အပြင် ယခုဖြစ်ပွားနေသည့် ပဋိပက္ခများသည် ကော်မရှင်၏ အကြံပြုချက်များကို မလိုက်နာ၍ ဖြစ်ပွားရသည်ဟုလည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဆိုသည်။

လက်ရှိတွင် လက်ပံတောင်းစီမံကိန်းဒေသတွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကို ကန့်ကွက်သည့် အနေဖြင့် ရန်ကုန် နှင့် ပြည်မြို့တို့၌ ကန့်ကွက်ဆန္ဒပြပွဲများ ဆက်တိုက်ဆိုသလို ပြုလုပ်လျက်ရှိသည်။

No comments: