အေးမြင့်စန်း
ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များထဲမှ မြို့နယ်တစ်ခုကို ရွေးချယ်ကာ အသန့်ရှင်းဆုံးမြို့နယ်ဆု ရွေးချယ်
ပေးအပ်သွားမည် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာနမှူး ဦးခင်ဝင်းက ဒီဇင်ဘာ ၄ ရက်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ရုံးခန်းမ၌ ပြုလုပ်သည့် အစည်းအဝေးတွင် ပြောသည်။
“ဆုရွေးချယ်ရာတွင် သတ်မှတ်ထားသည့် အချက် ၃၀ နှင့် ကိုက်ညီသည့် မြို့နယ်ကိုသာ ရွေးချယ်မည်” ဟု ၎င်းက ပြောသည်။
အသန့်ရှင်းဆုံးမြို့နယ်ကို ရွေးချယ်ရန် ဒီဇင်ဘာ ၁၀ ရက်မှစတင်ကာ ဒီဇင်ဘာ ၃၁ ရက်အထိ မြို့နယ်များ စစ်ဆေးခြင်းနှင့် ရွေးချယ်ခြင်းကို လုပ်ငန်းဆပ်ကော်မတီက ဆောင်ရွက်မည်ဖြစ်ပြီး ဇန်နဝါရီ ၆ ရက်တွင် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးလှမြင့်က အတည်ပြု ရွေးချယ်မည်ဖြစ်သည်။
ဆုကြေးငွေကျပ်၂၅ သိန်း သတ်မှတ်ထားပြီး ဆုကြေးများကို ဆုရသည့် မြို့နယ်ရှိ သန့်ရှင်းရေးဝန်ထမ်းများ အားပေးအပ်မည် ဖြစ်သည်။
သန့်ရှင်းရေး လုပ်ဆောင်ရာတွင် တိုင်စာ၊ ပစ်စာအကြိမ်အရေအတွက်၊ အဓိက လမ်းမကြီးများပေါ်ရှိ လူစည်ကားရာ နေရာများ၊ လမ်းဆုံ၊ လမ်းခွများ၊ ရပ်ကွက် အတွင်းလမ်းများ သန့်ရှင်းရေး ဆောင်ရွက်မှု၊ ခေါင်း လောင်းတီး အမှိုက်သိမ်းဝန်ဆောင်မှုအပေါ် ပြည်သူလူထု၏ သဘောထား၊ ဝန်ထမ်းများ တာဝန်ချိန် အတွင်း စည်းကမ်းလိုက်နာမှု၊ မြို့နယ်သန့်ရှင်းရေး တာဝန်ခံ၏ လုပ်ငန်းဆောင်ရွက်မှု စသည့်အချက်များကို ထည့်သွင်း တွက်ချက်အမှတ်ပေး မည်ဖြစ်သည်။
No comments:
Post a Comment