သျှမ်းသံတော်ဆင့်
သျှမ်းပြည် တောင်ပိုင်း လဲချားမြို့တွင် မြို့တွင်း/ နယ်ဝေး ဖုန်းလိုင်း ခေါ်ဆိုမှု မကြာ ခဏ ပြတ်တောက် သည့် အပေါ် လဲချား မြို့ခံများ စိတ် အနှောင့်အယှက် ဖြစ်နေရကြောင်း ဒေသတွင်း သတင်း ရပ်ကွက် က ဆိုပါသည်။
“ဒီနှစ်ဘာဖြစ်တာလဲမသိဘူး ဖုန်းလိုင်းတွေခဏခဏပြတ်တယ်။ စက်တင်ဘာလတုန်းက တခါပြတ် တယ်။ ပြန်ရတာတလလောက်ဘဲရှိသေးတယ်။ အခုပြတ်နေပြန်ပြီ။ တပတ် ဆယ်ရက်လောက်ရှိပြီ။ လာမယ့်အပတ်ထဲမှာဆိုရင် ကျနော်တို့ ဆရာတော်မွေးနေ့ပွဲကျင်းပတော့မယ်လေ။ ဖုန်းအသုံးအရမ်း လိုနေတယ်အခု။” ဟု မြို့ခံ ရပ်မိရပ်ဖ လုံးစိုင်းကပြောသည်။
လာမည့်အပတ်အတွင်း ကျင်းပတော့မည့် ဒေါက်တာ ခမ်းမိုင် ဓမ္မသာမိ၏ မွေးနေ့ပွဲနှင့်စာပေ ဟော ပြောပွဲ နီးကပ်လာသည်နှင့်အမျှ နိုဝင်ဘာလနှောင်းပိုင်းမှစ၍ ပြတ်တောက်နေသော လက်ကိုင်ဖုန်း နှင့်လိုင်းဖုန်းများ ပြန်လည်ကောင်းမွန်ခြင်းမရှိသေးသည့်အပေါ် ဒေသခံများ စိတ်အနှောင့်အယှက်ဖြစ် နေရသည်ဟုဆိုပါသည်။
“နိုဝင်ဘာလနှောင်းကတည်းက ဖုန်းလိုင်းတွေပြတ်တယ်။ အင်တာနက်တွေပြတ်တယ်။ လုပ်ရကိုင်ရ အခက်အခဲရှိတာပေါ့။ မြို့တွင်းဆိုရင်တော့ လိုင်းဖုန်းသုံးလို့ရသေးတယ်။ မြို့ပြင်၊ နယ်ဝေး ဆက်ရင် လုံးဝ မရတာ။ လက်ကိုင်ဖုန်းရော လိုင်းဖုန်းရောဘဲ။ ပွဲအတွက်သုံးဖို့ ပင်လုံ တောင်ကြီးဘက် ပစ္စည်းမှာ ချင်ရင် လူကိုယ်တိုင်ထ သွားရတာလေ။ အချိန်ကုန် လူပမ်းတာပေါ့။” ဟု လဲချားမြို့ခံ ဦးလုံးထတ် ကပြောသည်။
လဲချားမြို့ဇာတိဖြစ်သော ဗြိတိန်နိုင်ငံ လန်ဒန်မြို့ အောက်စဖို့ဒ်တက္ကသိုလ်မှ ကမ္ဘာ့ ဗုဒ္ဓသာသနာပြု ကထိက ဒေါက်တာဓမ္မသာမိ ၏ နှစ် ၅၀ ပြည့် ရွှေရတုမွေးနေ့ပွဲကို လဲချားမြို့နယ် နောင်ပန်ရွာ ဟိုလွယ်ကျောင်းတိုက်တွင် ဒီဇင်ဘာလ ၂၀ ရက်နေ့မှ လကုန်အထိ ကျင်းပမည်ဖြစ်ပါသည်။
“ကျနော်တို့ အရေးကြီးတဲ့အလုပ်လုပ်တော့မယ့်အချိန်ဆိုရင် အဲလိုဘဲ ဖုန်းလိုင်းက။ တိုက်ဆိုင်မှုဘဲလား ဘာလဲတော့အသေအချာမသိရပေမယ့် အလုပ်လုပ်ရမယ့်ကျနော်တို့အတွက် တွေးစရာဖြစ်တာပေါ့ဗျာ။ လူနေမှုအဆင့်အတန်းမြင့်အောင်ဖုန်းလေးတွေချပေးတာဖြစ်တဲ့အတွက် ဖုန်းလိုင်း အင်တာနက်လိုင်း လေးတော့ ကောင်းကောင်းရစေချင်တာပေါ့ဗျာ” - ဟု ပွဲဖြစ်မြောက်ရေးအတွက် တက်ကြွပါဝင်သူ လူငယ် စိုင်းခမ်း ကပြောသည်။
ဆရာတော်သည် အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓတက္ကသိုလ်များအသင်းကြီး ကိုစတင်တည်ထောင်သူ လည်းဖြစ် အတွင်းရေးမှူးချုပ်လည်း ဖြစ်ပါသည်။ သာသနာ့အလင်းပေးစွမ်းတော်မူသော ကြာသုံးပွင့် ဝင်(မိုင်းဖုန်းဆရာတော် ၊ ဆရာတော် ဓမ္မသာမိ၊ ဆရာတော်စဝ်ဆုခမ်း) ပုဂ္ဂိုလ်တဦး ဖြစ်ကြောင်းလည်း သျှမ်းလူထုက သတ်မှတ်ပါသည်။
ထို့ကြောင့် ဆရာတော်၏ ရွှေရတု မွေးနေ့ပွဲတော်ကို လဲချားမြို့ သံဃာ့နာယကအဖွဲ့နှင့် မြို့ခံလူထုက ကမကထပြုကာ သျှမ်းပြည်အနယ်နယ်အရပ်ရပ်မှ ဆရာတော်၏ တပည့်ဒကာများက ကြီးကျယ်ခန်းနား စွာကျင်းပပေးမည်ဖြစ်သည်။

No comments:
Post a Comment