Saturday, December 6, 2014

ဘုရင့်နောင်တံတား လုပ်ငန်းခွင်အတွင်း သေဆုံးသူအတွက် နစ်နာကြေးသိန်း ၂၀ ရလိုဟု မိသားစုပြော

ခင်မြတ်မြတ်ဝေ

ဘုရင့်နောင် အမှတ် (၂) တံတား ဆောက်လုပ်စဉ် လုပ်ငန်းခွင်အတွင်း ထိခိုက်သေဆုံးသွားသည့် ကာယကံရှင် မိသားစုက နစ်နာကြေးအဖြစ် သိန်း ၂၀ ကို ဆောက်လုပ်ရေး တာဝန်ခံထံ ထပ်မံတောင်းဆိုထားသည်။

ဆောက်လုပ်ရေး တာဝန်ခံက သေဆုံးသူ ကိုကြည်ဝေထွန်း၏ ရက်လည်နေ့ နိုဝင်ဘာ ၂၅ ရက်က ကူငွေ ၂၅ သိန်း လာပေးခဲ့ပြီး ထပ်မံ အဆက်အသွယ် မလုပ်သည့်အတွက် မရမ်းကုန်းမြို့နယ် ညှိနှိုင်းဖျန်းဖြေရေးရုံးမှ တစ်ဆင့် မိသားစုက ထပ်မံတောင်းခံခြင်း ဖြစ်သည်။

"ကလေးက သေသွားပြီ။ ဆောက်လုပ်ရေး တာဝန်ခံ အင်ဂျင်နီယာက ၂၅ သိန်း ပေးခဲ့တယ်။ အဲဒီတုန်းက ကျွန်တော်တို့က မေးပါတယ်။ ကလေးသေဆုံးသွားလို့ နစ်နာကြေးလားလို့ မေးတော့ မဟုတ်ပါဘူး၊ ကလေးအတွက် ကောင်းမှုးကုသိုလ်လုပ်ဖို့ပါ လို့ပြောတယ်။အဲဒီ အချိန်ကနေ အခုထိ အဆက်အသွယ်မလုပ်လို့ ကျွန်တော်တို့ မရမ်းကုန်းမြို့နယ် ညှိနှိုင်းဖျန်ဖြေရေးကို တိုင်ခဲ့တယ်" ဟု သေဆုံးသူ၏ဖခင် ဦးတင်ပြုံး က မဇ္ဈိမကို ပြောသည်။

မရမ်းကုန်းမြို့နယ် ညှိနှိုင်းဖျန်းဖြေရေးရုံးတွင် သေဆုံသူအတွက် နစ်နာကြေးအပြင် လျော်ကြေးအဖြစ် သိန်း ၂၀ ထပ်မံပေးလျော်ရန်သက်ဆိုင်ရာ တာဝန်ခံများနှင့် ဒီဇင်ဘာ ၅ ရက်က ညှိနှိုင်းခဲ့ရာ တံတားတာဝန်ခံများက အထက်သူကြီးများအား တင်ပြပြီး ဒီဇင်ဘာ ၁၂ ရက်နေ့တွင် ထပ်မံတွေ့ဆုံရန် ချိန်းဆိုခဲ့သည်ဟု ၎င်းက ပြောသည်။

"ကျွန်တော်တို့ အစိုးရဌာနက ဆုံးဖြတ်လို့မရသေးဘူး။ အထက်ကို တင်ပြရမယ်။ နားရေးစရိတ်နဲ့ ကုန်ကျထားတာ ၆၇ သိန်းလောက် ကုန်ထားတာ ရှိတယ်။ ကလေးရှင်ဘက်က လိုချင်တယ်ဆိုတော့ ဝန်ကြီးဌာနကို အဆင့်ဆင့်တင်ပြရမယ်" ဟု ဘုရင့်နောင်တံတာမှ တာဝန်ခံ အင်ဂျင်နီယာ တစ်ဦးက မဇ္ဈိမကို ပြောသည်။

သေဆုံးခဲ့သည့် အသက် ၁၉နှစ်အရွယ် ကိုကြည်ဝေထွန်းသည် နိုဝင်ဘာ ၁၉ ရက် နံနက်က ဘုရင့်နောင်တံတား ဆောက်လုပ်ရေး လုပ်ငန်းခွင့်တွင် သံဘောင်နှင့် ရိုက်မိပြီး ခြေတစ်ဖက်ကျိုးပြီး ဦးခေါင်းကွဲကာ လှိုင်မြစ်အတွင်း ပြုတ်ကျသေဆုံးခဲ့ခြင်း ဖြစ်သည် ဟု သေဆုံးသူ၏ မိသားစုက ပြောသည်။

No comments: