Saturday, December 27, 2014

နှုတ်ဖြင့် ဖိတ်သော်လည်း ဗိုလ်ရှုခံတက်ရေး တိုင်းရင်းသားအဖွဲ့များ မရေရာ

ဖနိဒါ

လာမည့် ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၄ ရက်တွင် ကျရောက်မည့် ၆၇ နှစ်မြောက် လွတ်လပ်ရေးနေ့၌ သမ္မတအား တပ်မတော်က ဂုဏ်ပြုမည့် ဗိုလ်ရှုခံ အခမ်းအနားသို့ အစိုးရနှင့် အပစ်ရပ်လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၄ဖွဲ့ကို နှုတ်အားဖြင့် ဖိတ်ကြားခြင်း ရှိသော်လည်း တက်ရောက်ရန်ကိုမူ တရားဝင်ဖိတ်စာ မရောက်သေး၍ တိုင်းရင်းသားများဘက်က မသေချာသေးဟု ဆိုသည်။

ရှမ်းပြည်မြောက်ပိုင်းတပ်မတော် (SSPP/SSA)ကမူ ယင်းအခမ်းအနား တက်ရောက်ရေး၊ မတက်ရောက်ရေးကို ဗဟိုကော်မတီ အစည်းအဝေးက ဆုံးဖြတ်မည်ဖြစ်ပြီး တက်ရောက်ရန် ၉၀ရာခိုင်နှုန်းရှိသည်ဟု ဗိုလ်မှူး စိုင်းလောဝ်ဆိုင်းက မဇ္ဈိမကို ပြောသည်။

“တက်ဖို့ ရာခိုင်နှုန်းများတာကတော့ ကျွန်တော်တို့မှာ အစိုးရနဲ့ အပစ်အခတ် ရပ်စဲထားတဲ့ အဖွဲ့ဖြစ်တယ်။ အစိုးရကနေ ကျွန်တော်တို့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့အပေါ်ကို ဖိတ်ကြားလာတာကိုတော့ မငြင်းပယ် သင့်ဘူးလို့ ထင်ပါတယ်" ဟု ဗိုလ်မှူး စိုင်းလောဝ်ဆိုင်းက ပြောသည်။

အပစ်ရပ်လက်မှတ်ထိုးထားသည့် တိုင်းရင်းသားအဖွဲ့ ၁၄ဖွဲ့ကို ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကတ်အားဖြင့် ဖိတ်ကြားကြောင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်ဟုဆိုသည်။ သို့သော် အပစ်ရပ်လက်မှတ် မထိုးသေးသည့် ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို)ကိုမူ ဖိတ်ကြားမည်မဟုတ်ဟု တိုင်းရင်းသားအဖွဲ့အချို့က ဆိုသည်။

“မပြောတတ်ဘူး။ ကျွန်တော်တို့ဆီတော့ ဖိတ်စာမရောက်သေးဘူး။ ကျွန်တော်တို့ကိုတော့ ၁၄ ဖွဲ့လို့ မပြောဘူး။ ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ အကုန်လုံး ဖိတ်မယ်လို့ပြောတယ်။ ပါးစပ်နဲ့ ဖိတ်လို့ သွားလို့တော့ ဘယ်ဖြစ်မလဲ။ ဖိတ်စာမရောက်ဘူးလေ၊ ဖိတ်စာပေါ်မူတည်ပြီး ဘယ်လိုအခမ်းအနားမျိုးလဲဆိုတာ ဆုံးဖြတ်ရမှာပေါ့”ဟု ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)က အထွေထွေအတွင်းရေးမှူး ဖဒိုစောကွယ်ထူးဝင်းက မဇ္ဈိမကို ပြောသည်။

ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကော်မတီ /ရှမ်းပြည်တပ်မတော် (RCSS/SSA) မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းလောဝ်ဆိုင်းကလည်း “ဖိတ်မယ်လို့တော့ နုတ်အနေနဲ့ ဖိတ်လာတာ ရှိပါတယ်။ ကျွန်တော် UNA အစည်းအဝေးသွားတက်တော့ ဦးအောင်မင်းကနေ တစ်ဆင့် တခြားလူနဲ့ နှုတ်နဲ့ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးထားတဲ့ ၁၄ ဖွဲ့နဲ့ ဖိတ်မယ်လို့ ပြောတယ်။ တရားဝင်အနေနဲ့လည်း ဖိတ်ကြားပါမယ်လို့တော့ ပြောထားပါတယ်၊ ကေအိုင်အိုကိုတော့ အပစ်ရပ် လက်မှတ် မထိုးထားတော့ မဖိတ်ဘူးနဲ့ထင်ပါတယ်”ဟု မဇ္ဈိမကို ပြောသည်။

ဒီဇင်ဘာလ ၂၂ နှင့် ၂၃ ရက်က ရန်ကုန်မြို့တွင် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးညှိနှိုင်းအဖွဲ့(NCCT) တို့ တွေ့ဆုံပွဲတွင်လည်း ဗိုလ်ရှုခံပွဲ တက်ရောက်ရန် အလွတ်သဘော ဆွေးနွေးမှု ရှိသော်လည်း တရားဝင် ဖိတ်ကြားစာမရသေးဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO) ၏ ပြည်ထောင်စုအဆင့် ကိုယ်စားလှယ် ခေါင်းဆောင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

“ကျွန်တော်တို့ မသိသေးဘူး။ အားလား မလားလားဆိုတာရယ်၊ တရားဝင်ဖိတ်လာရင်လည်း လူပုဂ္ဂိုလ်နဲ့ဖိတ်တာလား။ အဖွဲ့အနေနဲ့ဖိတ်တာလား ရှိသေးတာကို။ ကျွန်တော်တို့ကို ဖိတ်လာရင်တော့ ကျွန်တော်တို့ ခွန်မြင့်ထွန်းတက်မှာပေါ့။ တက်ဖို့တော့ ဟိုနှစ်က ပြည်ထောင်စုနေ့လိုပေါ့ တစ်ခါသွားကြတာရှိတယ်။ ဒီတစ်ပတ်လည်း မသိသေးဘူး”ဟု သူက ပြောသည်။

ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ KNPPနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) တို့က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကို ဖိတ်ကြားမည်ဟု သိရသော်လည်း တရားဝင် ဖိတ်ကြားခြင်း မရရှိသေးသဖြင့် တက်ရောက်၊ မတက်ရောက် ဆုံးဖြတ်နိုင်ခြင်း မရှိသေးကြောင်း ၎င်းအဖွဲ့မှ တာဝန်ရှိသူများက ပြောသည်။

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ လွှတ်တော်အနီးတွင် ကျင်းပမည့် ဗိုလ်ရှုခံသဘင် အခမ်းအနားအတွက် အစမ်းလေ့ကျင့်မှုများကို နေပြည်တော်၌ ပြုလုပ်လျက်ရှိပြီး စစ်လက်နက်၊ ပစ္စည်းများလည်း ရောက်ရှိနေပြီဖြစ်သည်။

အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော ၁၄ ဖွဲ့သည် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ(RCSS)၊ ကရင်အမျိုးသား အစည်းအရုံး(KNU)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ပအိုဝ့် အမျိုးသား လွတ်မြောက်ရေးအဖွဲ့(PNLO)၊ ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)၊ မိုင်းလားအဖွဲ့(NDAA)၊ ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော်(DKBA)၊ ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)နှင့် နာဂအမျိုးသား ဆိုရှယ်လစ် ကောင်စီ(NSCN-K) တို့ ဖြစ်သည်။

KIO သည် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်မထိုးသေးသော်လည်း အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးညှိနှိုင်းရေး ကော်မတီ (NCCT) တွင် ပါဝင်၍ UPWC နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအတွက် တွေ့ဆုံ ဆွေးနွေးမှုတွင် ပါဝင်နေသည်။

မြန်မာနိုင်ငံတွင် ဗိုလ်ရှုသဘင်ကို ၁၉၅၀ ပြည့်နှစ်က ပါလီမန်ဒီမိုကရေစီ အစိုးရလက်ထက်တွင် စတင် ကျင်းပကာ စစ်တပ်က အာဏာသိမ်းခဲ့သည့် ၁၉၆၂ ခုနှစ်အထိ ၁၂ကြိမ်တိုင် ကျင်းပခဲ့သော်လည်း နှစ်ပေါင်း ၅၃ နှစ်ကြာ မကျင်းပဖြစ်ခဲ့ဘဲ ယခု ပြန်လည်ကျင်းပခြင်းဖြစ်သည်။

No comments: