မြတ်မင်း
အမရပူရမြို့နယ်၊ တရုတ်တန်း ရပ်ကွက်၏ အရှေ့ဘက်နှင့် တောင်သမန်အင်း အနောက်ဘက်တွင် လျှပ်စစ် ရှော့တိုက်ရန်ရည်ရွယ် သွယ်တန်းထားသည်ဟု ဒေသခံများက ယူဆရသည့် ကြေးနန်းကြိုးများကို တွေ့ရှိခဲ့ရ၍ ထိတ်လန့်မှု ဖြစ်ပေါ်ခဲ့သည် ဟု ရေလုပ်သားဖြစ်သူ ကိုတာတာဦးက မဇ္ဈိမကို ပြောသည်။
“ကျွန်တော့်အဖွဲ့တွေက ရေငုပ်ကြတဲ့အချိန်မှာ ကျွန်တော့်လူတစ်ယောက်ရဲ့ လည်ပင်းကိုစွပ်သွားတယ်။ နောက်တစ်ယောက်ကလည်း ကိုင်မိတယ်။ ဒါနဲ့ကြိုးကို လိုက်ကြည့်လိုက်တော့ ကမ်းနားမှာ ငုတ်ရိုက်ပြီး တော့ရေလယ်ခေါင်ထိ သွယ်တန်းထားတာ တွေ့ရတယ်။ ရပ်ကွက်က လူတွေဝိုင်းဆွဲပြီး ပုံလိုက်တဲ့အပုံကိုက ရှစ်ပိဿာ လောက်ရှိတယ်။
“အဲ့ဒီအချိန်မှာ ရဲတစ်ဦးရောက်လာပြီး သူခိုးတစ်ယောက်ရေထဲချသွားတာ ဖြစ်မှာပေါ့တဲ့။ မဖြစ်နိုင်ဘူးလေဗျာ။ ကမ်းကနေ ရေလယ်ထိအောင် သူခိုးကချနိုင်ပါ့မလား” ဟု ကိုတာတာဦးက ပြောသည်။
၎င်းဖြစ်စဉ်သည် ၁၈ ရက် မွန်းလွဲပိုင်းတွင် ရေလုပ်သားများက တွေ့ရှိခြင်းဖြစ်သည်။ ၎င်းကြေးနန်းကြိုး တွေ့ရှိရာ တရုတ်တန်းရပ်ကွက်၊ ဖန်ချက်ရပ်ကွက် ဆင်စွယ်ပွတ်ရပ်ကွက်များအတွင်း ရေလုပ်သား ၄၀ ဦးခန့် ရှိသည်။
“ဒီအင်းထဲမှာ ရေလုပ်သားတွေ ငါဖမ်းကြတယ်။ အမျိုးသမီးတွေက အ၀တ်လျှော်ကြတယ်။ ကလေးတွေရေ ဆင်းဆော့ကြတယ်။ ဒီလိုလုပ်တာက လျှပ်စစ်ရှော့တိုက်ဖို့ လို့ယူဆတယ်။ တစ်ခုခုဖြစ်သွားရင် မကောင်း ဘူး”ဟု ရွှေဂွမ်းထုတ်ရပ်ကွက်မှ ပြည်သူတစ်ဦးက ပြောသည်။
အဆိုပါ တွေ့ရှိခဲ့သည့် ကြေနန်းကြိုးသည် ပေ ၁,၂၀၀ခန့် ရှည်လျားကြောင်း၊ ပိုင်ရှင်မဲ့ ဖြင့် သိမ်းဆည်းထားကြောင်း၊ တစ်ဦးယောက်မျှ အမှုဖွင့်ထားခြင်းမရှိကြောင်း တာဝန်ရှိသူ တစ်ဦးက ပြောသည်။
No comments:
Post a Comment