Friday, December 12, 2014

သျှမ်းပြည်နယ်ရသုံးခန့်မှန်းခြေ ဘဏ္ဍာငွေအဆို တင်သွင်းမှု ပြန်လည် စီစစ်ခြင်းမပြုဘဲ လွှတ်တော်ဥက္ကဌ အတည်ပြု - လွှတ်တော် အမတ်များ ပြော

သျှမ်းသံတော်ဆင့် (ယိင်းတိုင်း)

ပထမအကြိမ် သျှမ်းပြည်နယ် လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန် အစည်းအဝေးကို ဒီဇင်ဘာလ ပထမပတ် တွင် ၄ ရက်တာ ကျင်းပရာ ရသုံး မှန်းခြေ ငွေစာရင်းနှင့် ပတ်သက်၍ အကျယ်တဝင့် ဆွေးနွေးခဲ့ရာ ပြန်လည် စီစစ်ပေးရန် အမတ်တချို့တင်ပြ ခဲ့သော်လည်း ဆွေးနွေးချက် များကို လွှတ်တော် ဥက္ကဌမှ အတည်ပြု ကြောင်း ကြေငြာခဲ့သည် ဟု ဆိုပါသည်။

လွှတ်တော်ပထမနေ့ ဒီဇင်ဘာလ ၁ ရက်တွင် သျှမ်းပြည်နယ်အစိုးရအဖွဲ့မှ ၂၀၁၄-၂၀၁၅ ခုနှစ်အတွက် သျှမ်းပြည်နယ်ဘဏ္ဍာငွေ ရံပုံငွေ ဖြည့်စွက် ခွင့်ပြုငွေစာရင်း ပြုပြင်ပြီးစီးသည့် ရသုံးမှန်းခြေ ငွေစာရင်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် သျှမ်းပြည်နယ်၏နောက်ထပ် ဘဏ္ဍာငွေခွဲဝေ သုံးစွဲရေးဥပဒေကြမ်းနှင့် ၂၀၁၅-၂၀၁၆ ခုနှစ် မူလ ရသုံးခန့်မှန်းခြေ ငွေစာရင်းတို့အား သျှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဘဏ္ဍာ ရေးဝန်ကြီးဦးခွန်သိန်းမောင်က ပြည်နယ်လွှတ်တော်သို့ တင်သွင်းရာအဆိုပါ ကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ်များအမည်စာရင်းတင်သွင်း နိုင်ကြောင်းကြေညာသည်။

လွှတ်တော်စတုထ္ထနေ့ ဒီဇင်ဘာလ ၄ ရက်နေ့တွင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာငွေနှစ် မူလ ရသုံးခန့်မှန်းခြေ ငွေစာရင်းအားတိတိကျကျ ဖြစ်စေရန်နှင့် ပြန်လည် စီစစ်ပေးရန် ပြည်နယ်လွှတ်တော်အမတ်လင်းခေး မဲဆန္ဒနယ်အမှတ်(၂) မှ ဦးစိုင်းလွင်၊ သျှမ်းပြည်နယ်တောင်ပိုင်းနမ့်စန် မဲဆန္ဒနယ်အမှတ်(၂) မှ ဦးစိုင်းသူရိန်ဦး၊ ရပ်စောက်မဲဆန္ဒနယ်အမှတ်(၂)မှ ဦးမြင့်စိုးနိုင် ၊ သျှမ်းပြည်နယ်မြောက်ပိုင်း မဲဆန္ဒနယ် အမှတ်(၂)မှ ဦးအောင်ထွန်း အမတ်(၄)ဦးမှ အဆိုတင်သွင်းခဲ့သည်။

“ လျှပ်စစ်စွမ်းအားနှင့် စက်မှုလက်မှုဝန်ကြီးဌာနမှ စီမံကိန်းပြ ဘက်ဂျက်ငွေများထပ်နေခြင်း၊ လျှပ်စစ် မီးရရှိရေးနှင့် ပတ်သက်၍ ယခင်လွှတ်တော်အစည်းအဝေး၌လျှပ်စစ်ဝန်ကြီးမှပေးခဲ့သော ကတိကဝတ် များအပြည့်အဝမရရှိခြင်း၊ စည်ပင်သာယာရေးဝန်ကြီးဌာနမှ သျှမ်းပြည်နယ်တစ်ပြည်နယ်လုံးရှိ မြို့နယ် အလိုက် လုပ်ငန်းအလိုက် တိတိကျကျ ဖော်ထုတ်ထားခြင်းမရှိခြင်းနှင့် ဥပဒေရုံး၊ စာရင်းစစ်ရုံး ၊ပတ်ဝန်း ကျင်နှင့် သစ်တောထိန်းသိမ်းရေး၊ သမဝါယစသည့် ဌာနများမှတင်သွင်းလာသော ရုံးအသုံး အဆောင် ပစ္စည်းများနှင့်ပတ်သက်၍ ပြင်ပပေါက်ဈေးနှင့်အဆမတန် ကွာဟနေခြင်း အစရှိအချက်များကို အဓိက ထားထောက်ပြသွားခဲ့ပြီး လွှတ်တော်မှ အတည်မပြုသေးရန် ၊ ပြန်လည်စီစစ်ပေးရန်” ဟူ၍ ယင်းလွှတ်တော် အမတ် (၄) ဦးမှ အဆိုတင်သွင်းခဲ့သည်။

အဆိုပါနေ့ရက်တွင် သျှမ်းပြည်နယ်လျှပ်စစ်ဝန်ကြီးဦးစိုင်းထွန်းရင်က လွှတ်တော်အခမ်းအနားသို့ တက်ရောက်ရန်ပျက်ကွက်ခဲ့သဖြင့် “ သျှမ်းပြည်နယ်အစိုးရအဖွဲ့မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာငွေနှစ်မူလ ရသုံးခန့်မှန်းခြေ ငွေစာရင်းအားအတည်မပြုရသေးပဲလွှတ်တော်ထဲတွင် ဆွေးနွေးမိကြောင်း” ဝန်ကြီးကိုယ်စား သျှမ်းပြည်နယ်ဘဏ္ဍာငွေရေးဝန်ကြီးဦးခွန်သိန်းမောင်မှပင် ဖြေကြားခဲ့သည်။

သျှမ်းပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစိုင်းလုံးဆိုင်က အမတ်အများစု၏ ထောက်ခံချက်ဖြင့် ဘဏ္ဍာရေးအဆိုကို အတည်ပြု လိုက်သည်ဟု ကြေညာလိုက်ကြောင်း သိရသည်။

လွှတ်တော်ဥက္ကဌ၏ အတည်ပြုချက်ကို ထပြီးကန့်ကွက်မည့်သူတစ်ဦးတစ်ယောက်မျှမရှိသော်လည်း ပွင့်လင်းမြင်သာမှုမရှိဟုဆိုကာ လွှတ်တော်အမတ်များစုမှာ ကျေနပ်မှုမရှိကြောင်းပြောဆို နေကြပါသည်။

No comments: