ဂျွန်ချစ်ငြိမ်း
တောင်ကြီးမြို့၊ အေးသာယာမြို့တွင် ပြည်သူ့ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် စီမံကိန်း ဆောက်လုပ်အကောင်အထည်ဖော်မည့် မင်းကျန်စစ်ကုမ္ပဏီတို့အကြား ဒီဇင်ဘာ ၂၆ရက် နံနက်က တောင်ကြီးမြို့ မြို့တော်ခန်းမတွင် လုပ်ငန်းသဘောတူစာချုပ် MOAကို လက်မှတ်ရေးထိုးခဲ့သည်။
တောင်ကြီးမြို့ နှင့် ၈မိုင်ခန့်ကွာဝေးသည့် အေးသာယာမြို့သစ် အနီးရှိ မြေ ၄၂ဧကကျော်ပေါ်တွင် အာစီတိုက်ခန်း ၅ထပ်၁၂၃လုံးကျော်ကို မင်းကျန်စစ်ကုမ္ပဏီက ဆည်ဆောက်သွားမည်ဟု ရှမ်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစိုင်းနော်ခမ်းက လက်မှတ်ရေးထိုးပွဲတွင် ပြောသည်။
"နိုင်ငံ့ဝန်ထမ်းတွေနဲ့ အမှန်တကယ် နေရေး အခက်ခဲရှိသူတွေကို ဦးစားပေးသွားမယ်” ဟု ရှမ်းပြည်နယ် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးစိုင်းနော်ခမ်းက ဆိုသည်။
တန်ဖိုးသင့် တိုက်ခန်းများ ဖြစ်ပေါ်လာရန် မျှော်မှန်းထားပြီး ဇန်နဝါရီ ၂၇ ရက်တွင် နိုင်ငံပိုင်သတင်းစာများမှ တစ်ဆင့် ကြေငြာပေးသွားမည် ဖြစ်ပြီး တိုက်ခန်းရယူလိုသူများ အနေဖြင့် မိမိလိုချင်သည့် ပုံစံအလွှာအား အဆိုပြု လျှောက်ထားနိုင်သည် ဟုရှမ်းပြည်နယ် လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး ဦးစိုင်းနော်ခမ်းက ပြောသည်။
ရောင်းချပေးရာတွင်လည်း ဝန်ထမ်းများ၊ အမှန်တကယ် နေရေးအခက်ခဲ ရှိနေသူများဖြစ်သဖြင့် လက်ငင်းငွေပေးချေရန် မဖြစ်နိုင်သည့်အတွက် ပုဂ္ဂလိက ဘဏ်ဖြင့် ချိတ်ဆက်ကာ ၅နှစ် အရစ်ကျဖြင့် ရောင်းချပေးသွားမည်ဟု ရှမ်းပြည်နယ်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးစိုင်းနော်ခမ်းက ပြောသည်။
ယင်း ပြည်သူ့ဝန်ထမ်း အိမ်ရာများ ဆောက်လုပ်ရန် အတွက် ပြည်နယ်အစိုးရမှ လမ်း၊ တံတား၊ ရေ၊ မီးတို့ကို ကျပ်သိန်း ၆၅၀၀ကျော် အကုန်ကျခံ ဆောင်ရွက်ပေးထားပြီး အိမ်ရာတည်ဆောက်ရေး အပိုင်းကိုမူ ကုမ္ပဏီဘက်က ကျပ်သိန်းပေါင်း ၆သိန်းကျော် အကုန်ကျခံ တာဝန်ယူတည်ဆောက်သွားမည်ဟု မင်းကျန်စစ်ကုမ္ပဏီမှ မန်နေးဂျင်း ဒါရိုက်တာ ဦးနန္ဒကျော်ထွန်း က ပြောသည်။
အဆိုပါ အိမ်ရာစီမံကိန်းကို မြေဧက ၄၂ဧကကျော်ပေါ်တွင် တည်ဆောက်သွားမည်ဖြစ်ပြီး အာစီတိုက်ခန်းများ ဖြစ်ကာ ငါးထပ်တိုက် ၁၂၃လုံးကို အိမ်ထောင်စု ၂၄၆၀ အတွက်ရည်ရွယ်ပြီး တည်ဆောက်သွားမည်ဖြစ်သည်ဟု မင်းကျန်စစ်ကုမ္ပဏီမှ လုပ်ငန်းသဘောတူ စာချုပ် လက်မှတ်ရေးထိုးပွဲတွင် ပြောဆိုသည်။
တန်ဖိုးမျှ တိုက်ခန်းတန်ဖိုးများအား အပေါ်ဆုံးလေးလွှာ ကျပ်သိန်း ၁၂၀၊ သုံးလွှာ ကျပ်သိန်း ၁၃၀၊ ၂လွှာ ကျပ်သိန်း ၁၈၀ နှင့် ပထမထပ် ကျပ်သိန်း ၂၀၀ နှင့် မြေညီထပ်အား ကျပ်သိန်း ၂၅၀ အကြမ်းဖျဉ်း သတ်မှတ်ထားသည်။
No comments:
Post a Comment