Tuesday, December 23, 2014

ချုပ်ပြီးအထည်ထုတ်လုပ်သော အဓိကနိုင်ငံ ဖြစ်လာရန် မြန်မာ မျှော်မှန်းချက်ထားရှိ

သည်ဒေလီးစတား (ဒါကာ)

အထည်ချုပ် လုပ်ငန်းတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ တစ်ဟုန်ထိုး အောင်မြင်မှုကို နည်းယူလုပ်ဆောင်ရန် မြန်မာနိုင်ငံက စတင်လုပ်ဆောင်နေပြီး ချုပ်ပြီးအထည် ထုတ်လုပ်သော အဓိကနိုင်ငံတစ်ခုဖြစ်လာရန် ရည်ရွယ်ကြိုးပမ်းလျက်ရှိသည်ဟု မြန်မာ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဒု-ဝန်ကြီး ဦးပွင့်ဆန်းက ပြောကြားလိုက်သည်။

“ကျွန်တော်တို့နိုင်ငံမှာ အထည်ချုပ်လုပ်ငန်းက ဖွံ့ဖြိုးလာနေပါတယ်။ အထည်တွေ ချုပ်လုပ်ပေးရာ ဗဟိုအချက်အချာ ဖြစ်လာမယ်လို့ မျှော်လင့် ထားတယ်” ဟု ၎င်းက ဆိုသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံတကာ ကုန်သည်ကြီးများ အသင်းက ကြီးမှူးကျင်းပသော ကွန်ဖရင့်သို့ တက်ရောက်ရန် ဒါကာမြို့သို့ ရောက်ရှိနေသော ဒု-ဝန်ကြီး ဦးပွင့်ဆန်းက အထည်ချုပ်လုပ်ငန်းကို ဘင်္ဂလားဒေ့ရှ် နည်းတူ လုပ်ကိုင်ဖို့ ရည်ရွယ်ထားသည်ဟု ပြောသည်။

မြန်မာ့အထည်ချုပ်လုပ်သူများအသင်း MGMA အဆိုအရ လောလောဆယ်တွင် မြန်မာနိုင်ငံ၌ အထည်ချုပ် လုပ်ငန်းကုမ္ပဏီ ၂၄၀ သာရှိပြီး အရေအတွက် မှန်မှန်တိုးနေသည်ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် ချုပ်လုပ်ပြီး ပြည်ပတင်ပို့ သောအထည်များ၌ ကုတ်အင်္ကျီများ၊ Suits ၀တ်စုံများ၊ ဂျာကင် အင်္ကျီ၊ ရေကူးဝတ်စုံ၊ ဘောင်းဘီရှည်၊ ရှပ်အင်္ကျီ၊ အမျိုးသမီးဝတ်စုံနှင့် စကတ်များ ပါဝင်သည်။ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းတွင် လက်ရှိ၌ အလုပ်သမား ၂၂၀,၀၀၀ လုပ်ကိုင်လျက်ရှိသည်။

ချုပ်ပြီးအထည် ပြည်ပတင်ပို့မှုသည် မြန်မာ့စုစုပေါင်း ပြည်ပပို့ကုန်၏ ၁၀-၁၂ ရာခိုင်နှုန်းသာရှိပြီး ၂၀၁၃ ခုနှစ်က တန်ဖိုး ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံရှိလာရာ ၂၀၀၉ ခုနှစ်က ဒေါ်လာ ၃၉၆ သန်းမှ လေးဆခန့် တက်လာခြင်းဖြစ်သည်။

မြန်မာ့အထည်ချုပ်လုပ်ငန်းအသင်းMGMA က ချုပ်ပြီးအထည် ပြည်ပပို့ကုန် တန်ဖိုးကို နောက် ၁၀ နှစ် အတွင်း ဒေါ်လာ ၁၀ ဘီလီယံအထိ တိုးလာရန် ရည်ရွယ်ထားသည်။

မြန်မာ့ချုပ်ပြီး အထည်များကို အဓိက ၀ယ်ယူတင်သွင်းသောနိုင်ငံများမှာ ဂျပန်နိုင်ငံဖြစ်ပြီး ၄၈ ဒသမ ၈ ရာခိုင်နှုန်း တင်သွင်းသည်။ ၎င်းင်းနောက်မှ တောင်ကိုရီးယား ၃၃ ဒသမ ၃ ရာခိုင်နှုန်း၊ အီးယူ ၁၄ ဒသမ ၆ ရာခိုင်နှုန်း၊ ဂျာမနီ ၅ ဒသမ ၄ ရာခိုင် နှုန်းနှင့် တရုတ် ၂ ဒသမ ၅ ရာခိုင်နှုန်း အသီးသီးဝယ်ယူ တင်သွင်းလျက်ရှိသည်။

No comments: