ကေဇူး
ဒေသ ဖွံ့ဖြိုးရေးအစီအစဉ်များ အကောင်အထည်ဖော်မှု ပြန်လည် စိစစ်ရန် သမ္မတဦးသိန်းစိန် ရခိုင်ပြည်နယ်သို့ ဒုတိယအကြိမ် ရောက်ရှိနေသည်ဟု သံတွဲမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လှိုင်က မဇ္ဈိမကို ပြောသည်။
“ပြည်နယ် ဖွံ့ဖြိုးရေးအစီအစဉ် အကောင်အထည်ဖော်နေတာတွေ လာစစ်တာထင်တယ်၊ သူက ငွေတွေလည်း ချပေးထားတော့လေ"ဟု ဦးမြင့်လှိုင်ကဆိုသည်။
၂၀၁၃ ခုနှစ်က ရခိုင်ပြည်နယ်သို့ သွားရောက်ခဲ့သော သမ္မတ ဦးသိန်းစိန်သည် ဒီဇင်ဘာ ၂၅ ရက်က ရခိုင်ပြည်နယ် သံတွဲမြို့သို့ရောက်ရှိခဲ့ပြီး ကျောက်ဖြူ၊ ရမ်းဗြဲ၊ စစ်တွေ၊ မြောက်ဦး၊ ကျောက်တော်၊ မြို့နယ်များသို့ ခရီးဆက်မည်ဖြစ်သည်။
ခရီးစဉ်အတွင်း ဒီဇင်ဘာ ၂၆ ရက်တွင် စစ်တွေမြို့၌ ဒေသခံတို့နှင့် တွေ့ဆုံရန်လည်း စီစဉ်ထားသည်။
ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအစီအစဉ် အကောင်အထည်ဖော်မှုနှင့် ပတ်သက်၍ စစ်တွေမြို့မိမြို့ဖ ဦးသာပွင့်က “ဖွံ့ဖြိုးရေးက လုပ်တော့လုပ်နေတာပဲ ပြည့်စုံတယ်လို့တော့ မဆိုနိုင်ဘူးပေါ့၊ လိုအပ်ချက်တွေလည်းရှိပါတယ်”ဟု ဆိုသည်။
သမ္မတ ဦးသိန်းစိန်၏ ပထမအကြိမ်ခရီးစဉ်အတွင်း ငပလီ ဟိုတယ်ဇုံ တိုးချဲ့ရေး နှင့် လမ်းပန်းဆက်သွယ်ရေး လုပ်ငန်းများအတွက် ဘတ်ဂျက်များချထားပေးဖူးသည်။
ရခိုင်ပြည်နယ်တွင် သမ္မတရုံးကတိုက်ရိုက်ခန့်ထားသော ဝန်ကြီးချုပ်ဦးမောင်မောင်အုန်းက ဦးဆောင်၍ ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးကိုအကောင်အထည်ဖော်နေခြင်းဖြစ်သည်။
No comments:
Post a Comment