Friday, December 26, 2014

လာမည့်နှစ် အတွင်း ရန်ကုန်မြို့တွင် လျှပ်စစ်ရထား ပြေးနိုင်မည်ဆို

ဟိန်းကိုစိုး

ရန်ကုန် မြို့ပတ် ရထား လိုင်းများတွင် ၂၀၁၅ ခုနှစ်အတွင်း လျှပ်စစ် ရထားများ ပြေးဆွဲ မည်ဟု မြန်မာ့ မီးရထား (အောက်မြန် မာပြည်)ရုံး တွင်ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ အထွေထွေ မန်နေဂျာ ဦးထွန်းအောင် သင်းက မဇ္ဈိမကိုပြောသည်။

“အချိန် အတိအကျ မပြောနိုင်ပေမယ့် ၂၀၁၅ ထဲမှာပဲ ဖြစ်မယ်၊ လျှပ်စစ် ကလည်း လိုအပ်တဲ့ လျှပ်စစ် ကိုပေး မယ်လို့ ပြောထားပြီး သွားပြီ၊ လျှပ်စစ်နဲ့ ဒီဇယ်နှစ် မျိုးစလုံး သုံးလို့ရတာနဲ့ ဆွဲမယ်။ အဲဒီအတွက် လိုအပ်တဲ့ ရထားတွေကိုလည်း နည်းပညာ အမြင့်ဆုံးဖြစ်တဲ့ ဂျပန်နိုင်ငံ ကနေ၀ယ် ယူဖို့ လေ့လာနေတယ်” ဟု၎င်း က ဆိုသည်။

မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားကို ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံ ၂၅ ရုံ၊ ဓာတ်ငွေ့သုံးစက်ရုံ ၁၇ ရုံနှင့် ကျောက်မီးသွေးသုံး တစ်ရုံ စုစု ပေါင်း ၄၃ ရုံ မှဓာတ်အား ၄,၉၈၇ မဂ္ဂါဝပ်အထိ ထုတ်လုပ်နေပြီး ယင်းပမာဏ၏ ၃၈ ရာခိုင်နှုန်းခန့် ကိုသာ အသုံး ချနိုင်သေး သည်ဟု လျှပ်စစ် ၀န်ကြီးဌာန စာရင်း များကဆို သည်။

မြန်မာ့ မီးရထား (အောက်မြန်မာပြည်) အထွေထွေ မန်နေဂျာကမူ လျှပ်စစ် ရရှိနိုင်မှု အကန့် အသတ် ရှိနိုင်သ ဖြင့် ဒီဇယ်နှင့် လျှပ်စစ် နစ်မျိုးသုံး DMU (Diesel Multiple Units) ရထားများကို အသုံးပြု သွားမည်ဟုပြော သည်။

လျှပ်စစ် ရထားပြေး ဆွဲနိုင်ရန် ကြိုတင်ပြင် ဆင်မှုအဖြစ် မြန်မာ့ မီးရထားက မြို့ပတ်လမ်း ဧရိယာများ အတွင်း ခုံးကျော်တံတား ကိုးစင်းအထိ ဆောက်လုပ်မည် ဟု ဦးထွန်းအောင်သင်းက ဆိုသည်။

“လွန်ခဲ့တဲ့ လေးနှစ်လောက်ကတည်းက မသုံးတဲ့လမ်းတွေ (ကြည့်မြင်တိုင်၊ ထော်လီကွေ့၊ ၀ါးတန်း၊ ကုန်ရုံ) ကို အခု ပြန်ရှင်းနေ ပါတယ်၊ ဒါတွေက လိုင်းတွေပြန် တိုးချဲ့တဲ့အခါ အသုံးပြုဖို့ပါ၊ ဘယ်လိုအသုံးပြုမလဲဆို တာကိုတော့ မသိရသေးပါဘူး”ဟုမြန်မာ့မီးရထား (အောက်မြန်မာပြည်) လက်ထောက် အထွေထွေမန်နေ ဂျာ (မြို့ပြ) ဦးမောင်မောင်သန်းက မဇ္ဈိမကိုပြောသည်။

လျှပ်စစ်ရထားများ ပြေးဆွဲရန် ပြင်ဆင်နေချိန်အတွင်း ပြည်သူတို့ ပိုမိုအဆင် ပြေစေရန် မြို့ပတ် ရထားလိုင်း များနှင့် တခြား ခရီးစဉ် များတွင် ပြေးဆွဲပေးမည့် ရထားအစင်း ၂၀ ကိုလည်း ဂျပန်နိုင်ငံမှ ထပ်မံဝယ်ယူမည် ဟု မြန်မာ့မီးရထား တာဝန်ရှိသူတို့က ဆိုသည်။

ရန်ကုန်မြို့ပတ် ရထား လမ်းများတွင် ရိုးရိုး ရထားကိုးစီး၊ လေအေး ပေးစက်တပ် ဆင်ထား သည့်ရထား လေး စီးဖြင့် ပြည်သူ တစ်သိန်း ခွဲနီးပါးကို နေ့စဉ် စုစုပေါင်းခေါက်ရေ ၁၂၅ ကြိမ် အထိ ပြေးဆွဲပို့ ဆောင်ပေးနေ သည်။

No comments: