Sunday, December 7, 2014

ဝင်ငွေရရှိမည့် အလုပ် မပေးစွမ်းနိုင်သေးခြင်းကြောင့် လမ်းဘေးဈေးသည် ပြဿနာ မဖြေရှင်းနိုင်သေးဟု ဆို

နိုင်နိုင်ဇော်

နိုင်ငံအတွင်း ဝင်ငွေနှင့် အလုပ်အကိုင် အခွင့်အလမ်းပေါများစေမည့် စက်ရုံ၊ အလုပ်ရုံ စီမံကိန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ခြင်း မရှိသေးခြင်းကြောင့် လမ်းဘေးဈေးသည်ပြဿနာကို ထိထိရောက်ရောက် ကိုင်တွယ်ခြင်း မရှိသေးဟု ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ဒီဇင်ဘာ ၂ ရက်တွင် ပြောသည်။

မြို့တွင်းယာဉ်ကျပ်တည်းချိန်တွင် ကားလမ်းနံဘေး ဖွင့်လှစ်ထားသည့် လမ်းဘေးဆိုင်ခန်းများနှင့် ပတ်သက်၍ မည်ကဲ့သို့ ဖြေရှင်းရန် စီစဉ်နေမှုအပေါ် မီဒီယာများ၏ မေးမြန်းမှုကို မြို့တော်ဝန် ဦးလှမြင့်က ယင်းကဲ့သို့ ပြောဆိုခြင်း ဖြစ်သည်။

“ယာဉ်ကြောကျပ်တည်းမှု ဖြစ်ပေါ်နေလို့ လမ်းဘေးဈေးသည်ကိစ္စကို ဘယ်လိုရှင်းမလဲဆိုတာ ကျွန်တော်တို့ ကောင်စီကလည်း စဉ်းစားထားတာတွေတော့ ရှိတယ်။ အခု အစိုးရဘက်က စက်ရုံ၊ အလုပ်ရုံတွေ အများကြီးမလုပ်ပေးနိုင်လို့ အရေးယူတာတွေကို တင်းတင်းကျပ်ကျပ် မလုပ်နိုင်ပါဘူး။ သူတို့စားဝတ်နေရေး ရှိနေ သေးတယ်”ဟု ၎င်းက ဆိုသည်။

လမ်းဘေးဈေးသည်နှင့် ယာဉ်ကြောကျပ်တည်းမှု ဆက်စပ်မှုရှိနေသည့်အတွက် နောက်ပိုင်းတွင် သီးသန့်ရောင်းချနိုင်မည့် ဈေးနေရာများကို မြို့တော်စည်ပင်နယ်နိမိတ်အတွင်း နေရာလွတ်ရရှိမှုအပေါ် မူတည်ကာ စီစဉ်ပေးရန်ရှိနေကြောင်း မြို့တော်ဝန်က ဆက်လက်ပြောဆိုသည်။

ယခုအချိန်တွင် ရန်ကုန်မြို့တော်စည် ပင်သာယာရေးကော်မတီမှ မြို့တွင်းရောင်းချသည့် လမ်းဘေးဈေးသည်များကို နံပါတ်တပ် လမ်းဘေးဈေးသည်နှင့် ပျံကျလမ်းဘေးဈေးသည်ဟူ၍ ညနေ ၃ နာရီမှ ည ၈ နာရီအထိ ခွင့်ပြုပေးထားသည်ဟု အဆိုပါကော်မတီ က ပြောသည်။

လမ်းဘေးဈေးသည်၊ ယာဉ်ကြောကျပ်တည်းမှုနှင့် ပတ်သက်၍ ကားတင်သွင်းမှု လုပ်ငန်းရှင် ဒေါက်တာ စိုးထွန်းက “စည်း ကမ်းမလိုက်နာလို့ ဒီဈေးသည်တွေကို အရေးယူရင် သူတို့စားဝတ်နေရေး ခက်ခဲလာနိုင် တယ်။ သီးသန့်နေရာပေးတာ ပိုကောင်းတယ် ပြောတော့ မြို့တော်ဝန်ကစီစဉ်မယ်လို့ ပြောတယ်” ဟု ဆို သည်။

မြို့တော်ဝန်၏ ပြောဆိုမှုအရ ယခင်က လမ်းဘေးဈေးသည်များကို အခွန်ကောက်ခံရာ၌ တစ်နှစ် ကျပ်ငွေ ၁ ဒသမ ၃ ဘီလီယံအထိ ရရှိခဲ့သော်လည်း ယခုအချိန် အခွန်ကောက်ခံခြင်း မရှိတော့ဟု ဆိုသည်။

No comments: