ထင်လင်းအောင်
အိုဟောင်းအစားထိုး တင်သွင်းမှုလုပ်ဆောင်ရန် မှတ်ပုံတင်ဖျက်သိမ်းသည့် အိုဟောင်းကား အစီးရေ တစ်သိန်းခြောက်သောင်း ကျော် ရှိလာသည်ဟု ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ဒီဇင်ဘာ ၄ ရက်အထိ စာရင်းကို ထုတ်ပြန်သည်။
အိုဟောင်း အစားထိုး ယာဉ်မူဝါဒ စတင်ခဲ့ချိန်မှ ဒီဇင်ဘာ ၄ ရက်အထိ မှတ်ပုံတင် ဖျက်သိမ်း ယာဉ်အစီးရေသည် ၁၆၃,၄၀၅ စီး ရှိထားကာ တင်သွင်းလာသည့် ယာဉ်များအနက် အစီးရေ ၁၄၄,၁၃၉ ကို မှတ်ပုံတင် ဆောင်ရွက်ပေးထားပြီး ဖြစ်သည်ဟု ဖော်ပြထားသည်။
တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အိုဟောင်းယာဉ် အစားထိုးမှုဖြင့် ကားတင်သွင်းနိုင်ရန် ပါမစ်အစောင်ရေ ၁၅၇,၄၉၉ စောင် ထုတ်ပေးထားသည့် အနက်မှ ၁၄၄,၁၃၉ ကို တင်သွင်းထားခြင်းလည်း ဖြစ်သည်။
တင်သွင်းမှုများအနက် လုပ်ငန်းသုံး ဆောင်ရွက်နိုင်ရန် ကုန်တင်ယာဉ် အစီးရေ ၇,၉၁၈ စီး တင်သွင်းထားကာ ခရီးသည် တင်အဖြစ် ဆောင်ရွက်ရန် ၃,၁၈၂ စီးကို တင်သွင်းထားပြီး အိမ်စီးကား အစီးရေ ၁၃၃,၀၃၉ စီး တင်သွင်းထားကြခြင်း ဖြစ်သည်။
ယာဉ်ပိုင်ရှင်များသည် လူစီးကား အစီးရေ ၁၄၉,၅၁၂ စီး၊ ကုန်တင်ယာဉ် ၁၀,၅၉၉ စီးနှင့် ခရီးသည်တင် ယာဉ် ၃,၂၉၄ စီးကို အိုဟောင်းဖျက်သိမ်းရန် အပ်နှံထားခဲ့ပြီးဖြစ်သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
သို့ဖြစ်ရာ လက်ရှိအပ်နှံ “အ”အက္ခရာ ကားအစီးရေ ၈,၆၁၈ စီးရှိသည့်အနက် ၇,၈၈၇ စီးကို အပ်နှံမှုဆောင် ရွက်ထားပြီး ဖြစ်ရာ ၇၃၁ စီးကိုသာ အပ်နှံရန် ကျန်ရှိတော့ခြင်းလည်း ဖြစ်သည်။
၎င်းတင်သွင်းယာဉ် မှတ်ပုံတင်ပေးမှုများအရ အိမ်စီးမော်တော်ယာဉ်နံပါတ်သည် 4I-6330 သို့ ရောက်ရှိ လာကာ တက္ကစီယာဉ်များမှာ FF-1177 ယာဉ်နံပါတ်သို့ ရောက်ရှိလာလျက် ရှိသည်ဟုလည်း ဖော်ပြထားသည်။
အလားတူ စက်မှုဇုန်ထုတ်ကားများအတွက် မှတ်ပုံတင်ရောက်ရှိနံပါတ်သည် 8L- 8843၊ နယ်အသုံးပြုကား များဖြစ်သော ထော်လာဂျီကား များကို ၉ဌ/၃၆၉၇၅ နှင့် သုံးဘီးယာဉ်များကို ၇ဟ/၆၅၄၃ နံပါတ် အထိ ထုတ်ပေးထားခြင်း ဖြစ်သည်။
မော်တော်ယာဉ် တင်သွင်းခွင့်မူဝါဒ စတင်ပြောင်းလဲခဲ့သည့် ၂၀၁၁ ခုနှစ် စက်တင်ဘာလမှ စတင်ကာ ၃၇ လတာအတွင်း ကားအစီးရေ ၃၈၀,၀၀၀ ကျော် တင်သွင်းခွင့်ပြုခဲ့ခြင်း ဖြစ်သည်။
No comments:
Post a Comment