Sunday, December 21, 2014

မူဆယ် နယ်စပ်ဂိတ်များတွင် တတိယနိုင်ငံသားများ ဝင်ထွက်ခွင့်ရှိသင့်ဟု ဆို

စိုးသန်းလင်း

တရုတ်-မြန်မာ အဓိကကုန်းလမ်း ဝင်ပေါက်ဖြစ်သော ကြယ်ဂေါင်-မူဆယ် ဝင်ပေါက်များကို နှစ်ဖက်ဒေသခံ မဟုတ်သည့် တတိယနိုင်ငံသားများကိုပါ ဝင်ထွက်နိုင်သည့် ကုန်းတွင်းလမ်းကြောင်း (Land Route) ပေးသင့်သည်ဟု နှစ်ဖက်ကုန်သည် များနှင့် လုပ်ငန်းရှင်များက ပြောသည်။

“မြန်မာပြည်ကို အလုပ်ကိစ်္စနဲ့ သွားချင် သူတွေနဲ့ အလည်သွားချင်သူတွေ အများကြီးရှိတယ်။ မြန်မာပြည် ၀င်ခွင့်ဗီဇာရပေမယ့် မူဆယ်က အ၀င်အထွက်ကိစ္စကို ပြည်ထောင်စုအစိုးရအဖွဲ့အထိ ခွင့်ပြုချက်တင်ရ တော့ အချိန်အကြာကြီးစောင့်ရတယ်။ အဆင်မပြေဘူး။ မန္တလေးကို အလုပ်ကိစ္စနဲ့သွားတဲ့အခါ ခွန်းမင် (ကူ မင်း)ကနေ ရန်ကုန်ကို အရင်ဝင်ပြီးမှ မန္တလေးကို ပြန်တက်ရတယ်။ မူဆယ်က ၀င်ခွင့်ရရင် ယွမ် ၂၀၀ ပဲ ကုန်တယ်။ ခွန်းမင်ကလှည့်ပြီး လေယာဉ်နဲ့သွားရတော့ ယွမ် ၃,၇၀၀ ကျော်ကုန်တယ်။ စရိတ်က အဆ ၂၀ လောက်များတယ်။ အချိန်လည်း ပိုပေးရတယ်” ဟု မြန်မာနိုင်ငံ အတွက် ကြွေပြားအဓိကနှင့် ဆောက်လုပ်ရေးပစ္စည်းများ ထုတ်လုပ်ပြီး မန္တလေး ကိုယ်စားလှယ် ထံ ဖြန့်ချိနေသော ကြယ်ဂေါင်မြို့ နေ ဦးရီရှန်းဆိုင်က မဇ္ဈိမကို ပြောသည်။

မူဆယ်-ကြယ်ဂေါင် ဂိတ်သည် တတိယ နိုင်ငံသားတို့ကိုသာမက ဒေသခံ နှစ်ဖက်မြို့ သားများကိုပင် သွား ခွင့်ရသတ်မှတ်ဧရိယာ အတွင်းသာ ကူးသန်းခွင့်ပေးထားရာ တရုတ် ဘက်သွားသည့် မြန်မာတို့အတွက် ခြောက် ညအိပ် ခုနစ်ရက် မန်စီမြို့ကို မကျော်ရဘဲ ကတ်ဖိုး ကျပ် ၅၀၀၊ ဖြတ်သန်းခွင့် ကျပ် ၅၀၀၊ ပေါင်း ကျပ် ၁,၀၀၀ စည်းကမ်းချက် ဖြင့် ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ် ရရှိခြင်းဖြစ် သည်။ မြန်မာဘက်သို့ ၀င်လာ သည့် တရုတ်တို့က မူဆယ်မြို့မှ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အထိသာ သွားခွင့်ရပြီး မြန်မာဘက်၌ ညအိပ်ခွင့်ပေးမထားသဖြင့် တရားမဝင် လာရောက်မှုများရှိနေသည်ဟု ဒေသခံတို့က ပြောသည်။

“တရုတ်ဘက်ကလည်း မူဆယ်မှာ ခြောက်ညအိပ် ခုနစ်ရက်နေခွင့်ရတဲ့စာအုပ် အညိုနဲ့ ညအိပ်ခွင့်မရှိတဲ့ စာအုပ်အပြာဆိုပြီး နှစ်မျိုးရှိတယ်။ ၀င်ခကတော့ နှစ်မျိုးစလုံးအတွက် တရုတ်ငွေ ငါးယွမ်စီပါပဲ။ မူဆယ် ခရိုင်ဆိုပေမယ့် သူတို့ကို ၁၀၅ မိုင်အထိတော့ သွားခွင့်ပေးထား ပါတယ်”ဟု မူဆယ် ခရိုင် လ၀ကဦးစီးမှူးက မဇ္ဈိမကို ရှင်းလင်း ပြောဆိုသည်။

တရုတ်-မြန်မာနယ်စပ်ကို ထိုင်း-မြန်မာ နယ်စပ်ကဲ့သို့ တတိယနိုင်ငံသားများပါ ဖြတ် သန်းသွားခွင့်ရသည့် Land Route ပေးရန် နိုင်ငံတော်က ရည်မှန်းချက်ရှိသော်လည်း မြန်မာဘက်ဝင်ထွက်ဂိတ်တွင် ရှိသင့်ရှိထိုက်သည့် အသုံးအဆောင်များနှင့် အခြေခံအဆောက်အအုံများ အဆင်သင့်မရှိခြင်း၊ အထွေထွေ လုံခြုံရေးအတွက် လုံလောက်သည့် အစီအစဉ်နှင့် အင်အားများ ထပ်ဖြည့်ဆည်းရန် လိုအပ်ခြင်း တို့ကြောင့် လောလောဆယ်၌ မဖြစ်နိုင်သေးဟုလည်း ၎င်းင်းက အတည်ပြုပြောကြားသည်။

No comments: