စည်သူမောင်မောင်
ဧရာဝတီတိုင်း ဝန်ကြီးချုပ်နှင့် တိုင်းအတွင်းရေးမှူးတို့အား တွေ့ဆုံခွင့်မရ၍ မော်လမြိုင်ကျွန်းမြို့နယ်၊ ဇုက္ကနီကျေးရွာ၊ ပုဂံကျေးရွာအုပ်စုမှ တောင်သူလယ်သမား ၈ ဦးက ဒီဇင်ဘာလ ၁၁ ရက်တွင် ပုသိမ်မြို့ ရွှေမုဋ္ဌောဘုရားပေါ်တွင် မတွေ့ရမချင်း မပြန်ဟုဆိုကာ အစာငတ်ခံ ဆန္ဒပြလျက်ရှိသည်။
“ကျွန်တော်တို့လာတွေ့တာ တိုင်းမင်းကြီးရယ်၊ ဝန်ကြီးချုပ်ရယ် အခုထိ တွေ့ခွင့် မရသေးဘူး။ နေ့ခင်းက ဖုန်းဆက်ဆိုလို့ ဆက်တော့လည်း အစည်းအဝေး ရှိနေလိုဆိုပြီး မတွေ့ ရသေးဘူး၊ မတွေ့ ရင်မပြန်တော့ဘူး။ ပြန်လည်း ဟိုမှာအဖမ်းခံရမှာပဲ၊ တွေ့ရရင်လည်း ကျွန်တော်တို့ လယ်ယာပြဿနာကို အပြီးဖြေရှင်းပေးစေချင်တယ်” ဟု ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ် ဇုက္ကနီကျေးရွာနေ ဦးဌေးနိုင်က မဇ္ဈိမကို ပြောသည်။
မော်လမြိုင်ကျွန်းမြို့နယ်၊ ဇုက္ကနီကျေးရွာ၊ ပုဂံကျေးရွာအုပ်စုမှ လယ်သမားများက ကျေးရွာလယ်ပေါ်တွင် မြို့နယ် ဒုဦးစီး၏ ခွင့်ပြုချက်ဖြင့် ဇွန်လအတွင်းက လယ်ထွန်ခဲ့ရာ ပိုင်နက်ကျူးလွန်မှု (ပုဒ်မ ၄၄၇)၊ သူတစ်ပါးအကျိုးစီးပွား ဖျက်ဆီးစေမှု (ပုဒ်မ ၄၂၇)တို့ဖြင့် တရားစွဲခံထားရပြီး ဒီဇင်ဘာ ၁၁ရက်တွင် မော်လမြိုင်ကျွန်းမြို့နယ် တရားရုံး၌ ရုံးချိန်း ချိန်းဆိုထားသည်ကို မသွားဘဲ ဝန်ကြီးချုပ်၊ တိုင်းမင်းကြီးတို့နှင့် လာတွေ့ကာ ယင်းကိစ္စကို လာရောက် အကူညီတောင်းခံခြင်းလည်း ဖြစ်သည်။
တိုင်းမင်းကြီး၏ ကိုယ်ရေးအရာရှိကမူ ယင်းကိစ္စကို ၎င်းအနေဖြင့် တိုင်းမင်းကြီးကို တင်ပြရန် မပြောရဲကြောင်းနှင့် ခရိုင်အဆင့်အား ဖုန်းဖြင့် ဆက်သွယ်ထားကြောင်း မီဒီယာအချို့ကို ပြောသည်။ ဝန်ကြီးချုပ်ရုံးနှင့် တိုင်းမင်းကြီး ရုံးတို့ကို မဇ္ဈိမက ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရန် ကြိုးစားသော်လည်း ဖုန်းပြန်လည်ဖြေကြားခြင်း မရှိပေ။
ဧရာဝတီတိုင်းဒေသကြီး တိုင်းလွှတ်တော် ကိုယ်စားလှယ်များကမူ ရပ်ကျေး လယ်ယာမြေ စီမံခန့်ခွဲသူများတွင် လယ်သိမ်းသူများ ပါဝင်နေ၍ ဘက်လိုက်ဆုံးဖြတ်ချမှုများ ရှိနေသည်ဟု ဝေဖန်ထားသည်။
No comments:
Post a Comment