Saturday, December 6, 2014

နိုင်ငံရေးသည် အကူးအပြောင်း အားလုံး၏ အဓိကသော့ချက်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

ဝင်းကိုကိုလတ်

နိုင်ငံရေးသည် အကူးအပြောင်းဖြစ်စဉ် အားလုံးတွင် အဓိကကျသည့် သော့ချက်ဖြစ်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီဇင်ဘာ ၅ ရက်က နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းစင်တာတွင် ကျင်းပသည့် မြန်မာ အာဆီယံ အမျိုးသမီးဖိုရမ်တွင် ပြောကြားလိုက်သည်။

မြန်မာနိုင်ငံတွင် ယခု အမျိုးသမီးဖိုရမ်ကို ဒုတိယအကြိမ်အဖြစ် ကျင်းပခြင်းဖြစ်ပြီး "အမျိုးသမီးများသည် အသွင်ကူးပြောင်းဆဲကာလ
လူ့ဘောင် အဖွဲ့အစည်းအတွက် တွန်းအားတစ်ခုဖြစ်စေရေး’’ ဟူသည့် မူဘောင်ဖြင့် ကျင်းပခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က "ကျွန်မတို့ဟာ အကူးအပြောင်းအပြောင်းကာလမှာ နိုင်ငံရေးကို ဖယ်ထုတ်ထားလို့မရပါဘူး၊ ကျွန်မတို့ဟာ အမျိုးသမီးတွေကို နိုင်ငံရေးမှာပိုပြီး ပါဝင်ဖို့လိုပါတယ်၊ မှန်ကန်တဲ့ ပါဝင်မှုမျိုးနဲ့ပါ’’ ဟု ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က အစိုးရအဖွဲ့တွင် ပြည်ထောင်စု ဝန်ကြီးများ၊ ဒု-ဝန်ကြီးအချို့နှင့် ဥပဒေပြုရေးဖြစ်သော လွှတ်တော်တွင် အမျိုးသမီးများ ပါဝင်လာသော်လည်းများစွာ နည်းပါနေသေးသည်ဟု ပြောကြားသည်။

အမျိုးသမီး အဖွဲ့ပေါင်း ၁၀၀ ကျော်ဖြင့် ဖွဲ့စည်းထားသည့် ကျားမရေးရာတန်းတူညီမျှရေး ကွန်ရက် ဒါရိုက်တာ မမေစံပယ်ဖြူက ရပ်ကွက်၊
ကျေးရွာ အုပ်ချုပ်ရေးမှူး အဆင့်မှ ပြည်ထောင်စု အဆင့်အထိ အမျိုးသမီး ပါဝင်မှုနှုန်းသည် သုံးရာခိုင်နှုန်းအောက်သာ ရှိကြောင်း စစ်တမ်းတစ်ခုအရ သိရသည်ဟု ဆိုသည်။

မြန်မာနိုင်ငံ၏ ဓလေ့ထုံးစံများကြောင့် အမျိုးသမီးအချို့သည် အရည်အချင်းရှိသော်လည်း ရောက်သင့်သည့် ရာထူးနေရာများသို့ မရောက်သည်များလည်း ရှိသည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်ကမူ "အရေအတွက်တင် အဓိက မဟုတ်ဘူး၊ အရေအတွက်ထက် ကိုယ်ဘယ်လောက်လုပ်နိုင်တယ် ဆိုတာလည်း အများကြီး လိုအပ်ပါတယ်’’ ဟု ဆိုသည်။

ထို့ပြင် အကူးအပြောင်းသည် အစိုးရသာမက ပြည်သူများနှင့်လည်း သက်ဆိုင်သည့်ကိစ္စဖြစ်ပြီး အောင်မြင်သည့် အကူးအပြောင်း တစ်ခုဖြစ်ရန် မြန်မာနိုင်ငံ လူဦးရေ၏ ၅၁ ရာခိုင်နှုန်းရှိသည့် အမျိုးသမီးများ၏ အခန်းကဏ္ဍသည် အရေးကြီးသည်ဟု ၎င်းက ပြောသည်။

၎င်းက အကူးအပြောင်းအောင်မြင်ရန်မှာ အမြင်(Vision) ရှိရန်လိုအပ်ပြီး လိုချင်သည့် အကူးအပြောင်းအတွက် ရှင်းလင်းသည့် အိုင်ဒီယာများ မရှိပါက မအောင်မြင်နိုင်ကြောင်းလည်း သတိပေးပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က "ကျွန်မတို့ဟာ ကျွန်မတို့ လူ့အဖွဲ့အစည်းကို အတူတကွ ဘယ်လိုတည်ဆောက်မယ်ဆိုတဲ့ vision လိုကို လိုအပ်ပါတယ်’’ ဟု ပြောသည်။

ထို့အပြင် လူ့အဖွဲ့အစည်း၏ အားသာချက်များကိုသာမက အားနည်းချက်များကိုပါ သိရှိပြီး အသွင်ကူးပြောင်းရေး အောင်မြင်ရန် ကြိုတင်ပြင်ဆင်ရန် လိုအပ်သည်ဟုလည်း ပြောကြားသည်။

စစ်မှန်သောအကူးအပြောင်းသည် ဥပဒေသစ်များပြုစုခြင်း၊ အင်စတီကျူးရှင်းများ တည်ဆောက်ခြင်းထက် စိတ်ပိုင်းဆိုင်ရာများ ပြောင်းလဲ ရန်လည်း လိုအပ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

၎င်းက ''အမျိုးသမီးတွေဟာ အကူးအပြောင်းမှာ မောင်းနှင်နိုင်တဲ့ အင်အားစုတွေပါ၊ ကျွန်မတို့ကိုယ် ကျွန်မတို့ ခွန်အားဖြစ်ဖို့ဆိုရင် လူ့အဖွဲ့အစည်းရဲ့ လိုအပ်ချက်တွေက ဘာလဲဆိုတာကို သိဖို့လိုပါတယ်'' ဟု ဆိုသည်။

No comments: