ဇေယျာချမ်းအေး
တောင်သူလယ်သမား အကျိုးစီးပွားကို ကန့်သတ်ထားသော ဥပဒေပုဒ်မများ ရှိပါက လွှတ်တော်သို့ တင်ပြနိုင်ပြီးအမြန်ဆုံး ပြင်ဆင်ပေးရန် အဆင်သင့်ရှိသည်ဟု ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ပဲခူးတိုင်းဒေသကြီးအတွင်းရှတောင်သူ လယ်သမားများကို ဒီဇင်ဘာ ၂၂ ရက်တွင် ကတိပြု မဲဆွယ်ပြောကြားလိုက်သည်။
ပဲခူးတိုင်းဒေသကြီး၊ ရွှေမော်ဓေါဘုရား အနောက်ဘက်မုခ်၊ ကားကြီးဝင်းတွင်ပြုလုပ်ခဲ့သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊တောင်သူလယ်သမား ရေးရာလူထု တွေ့ဆုံပွဲတွင် ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းက အထက်ပါအတိုင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ တွေ့ဆုံပွဲသို့ ပဲခူးတိုင်းဒေသကြီး အတွင်းမှ တောင်သူလယ်သမားကိုယ်စားလှယ် ခုနစ်ထောင်ကျော် တက်ရောက်ခဲ့သည်။
လွန်ခဲ့သောနှစ် ၅၀ကျော်မှ ယနေ့အချိန်အထိ ကာလအတွင်း လက်ရှိအချိန်သည် ပါတီစုံဒီမိုကရေစီ စနစ်ကို အပွင့်လင်းဆုံး တင်ပြနိုင်သောအချိန်ဟုသတ်မှတ်နိုင်ကြောင်း၊ တောင်သူလယ်သမားများတို့၏ အကျိုးစီးပွားကို အကန့်အသတ်ဖြစ်စေသော ဥပဒေပုဒ်မများကိုအမြန်ဆုံးပြင်ဆင်ပေးသွားရန် သူရဦးရွှေမန်းက နှစ်ကြိမ်တိုင်တိုင် ကတိပြုပြောကြားခဲ့ခြင်း ဖြစ်သည်။
"ကျွန်တော်တို့နိုင်ငံမှာ လိုအပ်ချက်ကြောင့် အကြောင်းအမျိုးမျိုးနဲ့ လယ်ယာမြေအပါအဝင် အခြားမြေများကို သိမ်းယူပြီး လိုအပ်တဲ့နေရာမှာအသုံးပြုဖို့ဆောင်ရွက်ခဲ့တာ အမှန်ပဲဖြစ်ပါတယ်။ ဘယ်ဥပဒေက ပြဿနာကို ဖြေရှင်းပေးဖို့ နှောင့်နှေးနေလဲ၊ အခက်အခဲရှိလဲ၊ ဒီကိစ္စတွေကို သက်ဆိုင်ရာ လွှတ်တော် အသီးသီးတင်ပြပြီး အမြန်ဆုံး ပြင်ဆင်ပေးနိုင်တယ်ဆိုတာ လွှတ်တော်ကိုယ်စားလှယ်များ ကိုယ်စား၊ ပြည်ထောင်စု လွှတ်တော်ကိုယ်စား ပြည်သူလူထုရှေ့မှောက်မှာ ကတိပေးတင်ပြလိုပါတယ်" ဟု သူရဦးရွှေမန်းက ဆိုသည်။
၂၀၁၆ ဇန်န၀ါရီ ၃၁ရက်တွင် သက်တမ်းကုန်ဆုံးမည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ကာလအတွင်း လက်ရှိတွေ့ကြုံနေရသောလယ်ယာမြေပြဿနာများကို မဖြေရှင်းနိုင်ပါက လက်ရှိလွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်ထောင်စုလွှတ်တော်၊ အစိုးရတို့သည်တာဝန်မကျေ၊ တာဝန်မခံနိုင်သော အစိုးရဖြစ်သွားမည်ဟု သူရဦးရွှေမန်းက ဆက်လက်ပြောသည်။ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေး ကော်မရှင်နှင့် အကောင်အထည်ဖော်ဆောင်ရေး ကော်မတီတို့၏ လုပ်ငန်းဆောင်ရွက်မှုများတွင် သက်ဆိုင်ရာ ကုမ္ပဏီများကပူးပေါင်း ဆောင်ရွက်ရန်လည်း ၎င်းက တိုက်တွန်းပြောဆိုခဲ့သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုဥက္ကဋ္ဌ သူရဦးအေးမြင့်ကလည်း တွေ့ဆုံပွဲ ကျင်းပရသည့် ရည်ရွယ်ချက်များတွင်ပါတီနှင့် တောင်သူလယ်သမားများ ပူးပေါင်းရန် အချက်လည်းပါဝင်ကြောင်း ပြောကြားခဲ့ပြီး တောင်သူလယ်သမားများ၏ လိုအပ်ချက် များကို ဖြည့်ဆည်းပေးရန် ကတိပေးမှုများပြု လုပ်ခဲ့သည်။
"တောင်သူလယ်သမားတွေရဲ့ဘဝဟာဆင်းရဲတွင်းနက်နေဆဲဖြစ်ပါတယ်။ လယ်လုပ်သူ လယ်ပိုင်ခွင့်ရဖို့ အစရှိတဲ့ ဥပဒေတွေ ပြဋ္ဌာန်းနိုင်ရေး အတွက် ကျွန်တော်တို့ကြိုးစားနေပါတယ်" ဟု သူရဦးအေးမြင့်က တွေ့ဆုံပွဲတွင် ပြောကြားသည်။
၂၀၁၄-၁၅ဘဏ္ဍာနှစ်တွင် ပဲခူးတိုင်း ဒေသကြီးအတွင်းရှိ လယ်ယာမြေလုပ်ငန်းများအတွက် ငွေကျပ် ၆၅ ဘီလီယံ အသုံးပြုသွားမည်ဟု ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဉာဏ်ဝင်းက ပြောကြားကာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအတွက် မဲဆွယ်မှုပြုလုပ်ခဲ့သည်။
မြန်မာနိုင်ငံရှိလူဦးရေစုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းမှာ လယ်ယာမြေလုပ်ငန်းနှင့်စပ်ဆက်လုပ်ငန်း လုပ်ကိုင်သူများ ဖြစ်ခြင်းကြောင့် ၂၀၁၅ ရွေးကောက်ပွဲတွင် တောင်သူလယ်သမားများ၏ မဲဆန္ဒမှာ နိုင်ငံရေးပါတီများအတွက် အထူးအရေးပါသောကြောင့် တောင်သူလယ် သမားများကို အဓိက မဲဆွယ် မှုများပြုလုပ်ကြခြင်းဖြစ်ပြီး လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ခြင်း ရှိမရှိကိုမူ လေ့လာစောင့်ကြည့်သွားရမည် ဖြစ်သည်။
လယ်ယာမြေသိမ်းဆည်းမှုပြဿနာများနှင့် စွန့်လွှတ်မြေများ တောင်သူများ လက်ဝယ်ပြန်လည် ရောက်ရှိရေးနှင့် ပတ်သက်၍ ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်း လယ်သမားရေးရာတာဝန်ခံ ကိုထွန်းမြင့်အောင်က အာဏာရယူထားသော နိုင်ငံရေးပါတီနှင့် အုပ်ချုပ်ရေး တာဝန်ရှိသူများအနေဖြင့် မိမိတို့၏အားနည်းချက်များကို သိရှိကြောင်းဝန်ခံရုံဖြင့် လယ်ယာမြေပြဿနာများပြေလည် မည်မဟုတ်ဘဲပြေလည်အောင်ဖြရှင်းလိုစိတ် အပြည့်အ၀ရှိရန် လိုအပ်နေသည်ဟု ဒီဇင်ဘာ ၁၇ ရက်က ဝေဖန်ပြောကြားထားသည်။
No comments:
Post a Comment