မြတ်မင်း
မန္တလေးတောင်ခြေရှိ ကုသိုလ်တော်ဘုရား ကျောက်စာဝင်းအတွင်းတွင် ရှေးဟောင်းနယ်မြေသတ်မှတ် ပြီးနောက် သမီးရည်းစားစုံတွဲများ၏ အများအမြင် မသင့်လျော်သည့် ကိစ္စရပ်များမရှိသလောက် နည်းပါး သွားပြီဟု အမှတ်(၁)၊ ရဲစခန်း ကုသိုလ်တော်ဘုရား ရဲကင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“အခုအခြေအနေ တော်တော်ကောင်းသွားပါပြီ။ ၂၀၀၃၊ ၂၀၀၄ ခုနှစ်လောက် တုန်းကဆို ဒီကုသိုလ်တော် ဘုရားက အတွဲတွေ ချိန်းတွေ့တဲ့ နေရာတစ်ခုလို ဖြစ်နေတယ်။ အခုနောက်ပိုင်းမှာတော့ မရှိသလောက် နည်းသွားပါပြီ။ ဘာ့ကြောင့်လဲဆိုတော့ ဒီနေရာက ရှေးဟောင်းနယ်မြေ ဖြစ်တဲ့အတွက် လုံခြုံရေးရှိတယ်။ အမြဲတမ်း ကင်းလှည့်နေတယ်” ဟု ၎င်းက ပြောသည်။
လှည့်ကင်းများ ဆောင်ရွက်ရာတွင် ခရီးသွား ရဲတပ်ဖွဲ့ဝင်များ၊ နယ်မြေခံရဲတပ် ဖွဲ့ဝင်များနှင့် ကုသိုလ်တော် ဘုရားလုံခြုံရေးတို့ ပူးပေါင်းပြီး နေ့စဉ် ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။
“လက်ရှိအနေအထားမှာတော့ လွန်လွန်ကျူးကျူးဖြစ်တာတွေ မရှိတော့ပါဘူး။ တွဲထိုင်နေတာ လောက်ကတော့ မပြောတော့ပါဘူး။ လိုအပ်လာရင် ပညာပေးတာတွေ လုပ်ပါတယ်။ အရေးယူတာတွေတော့ မရှိပါဘူး” ဟု ၎င်းက ပြောသည်။
ယင်းကုသိုလ်တော်ဘုရား ကျောက်စာများသည် မင်းတုန်းမင်းတရားကြီးက ဘုရားရှင်၏ ပိဋကတ်တော်များ ကို စကျင်ကျောက်ပြားဖြူ ၇၂၉ ချပ်ပေါ်တွင် ရေးထိုးစိုက်ထူ မှတ်တမ်းတင်ခဲ့သဖြင့် ကမ္ဘာအကြီးဆုံးစာအုပ်အဖြစ် ထင်ရှားသည်။ မန္တလေးတွင် နိုင်ငံခြားသားများ လာရောက်လေ့လာသည့် နေရာတစ်ခု ဖြစ်သည်။
ကုသိုလ်တော် ဘုရားကျောက်စာများသည် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့်ယဉ် ကျေးမှုအဖွဲ့ (UNESCO)က ကမ္ဘာမှတ်တမ်း အမွေအနှစ် အဖြစ် ၂၀၁၃ ခုနှစ်တွင် သတ်မှတ်ခဲ့သည်။
ထို့ပြင် ကမ္ဘာလှည့်ခရီးသွားများ အဓိကလာရောက်ရာနေရာ တစ်ခုဖြစ်သည့် တောင်သမန်အင်းရှိ ဦးပိန်တံတားတွင် ညအချိန်မိန်းမလျာနှင့် လူငယ်အချို့၏ အမြင်မတော်မှုများကို သက်ဆိုင်ရာအဖွဲ့များကပူးပေါင်း ၍ စတင်စစ်ဆေး ရှင်းလင်းလျက်ရှိသည်ဟု တောင်သမန် တံတားနယ် မြေတာဝန်ခံ ဦစိုးဝင်းက မဇ္ဈိမကို ပြောသည်။
“လွန်ခဲ့တဲ့ သုံးရက်လောက်ကတည်းက စတင်ခဲ့တာပါ။ လူငါးယောက်ကို မသင်္ကာလို့ စစ်ဆေးမေးမြန်းခဲ့ပါတယ်။ ရှင်းလင်းမယ်ဆိုတဲ့ သတင်းက ပေါက်ကြားခဲ့တယ် ထင်တယ်။ မိန်းမလျာတွေကို စစ်ဆေးတွေ့ရှိခြင်း မရှိခဲ့ပါဘူး” ဟု ၎င်းက ပြောသည်။
No comments:
Post a Comment