ဟိန်းကိုစိုး
ထိုင်းနိုင်ငံ၊ လိပ်ကျွန်း လူသတ်မှုအတွက် ထိုင်းရဲဘက်မှ တင်ပြသည့် တရားလိုပြ သက်သေများကို ဒီဇင်ဘာ ၂၆ရက်တွင် ကော့စမွေ ခရိုင်တရားရုံးက စတင်စစ်ဆေးမည်ဟု ဒီဇင်ဘာ ၈ ရက်တွင် ဆုံးဖြတ်လိုက်ကြောင်း မြန်မာသံရုံး အထူးအဖွဲ့ဝင် ဦးအောင်မျိုးသန့် က ဆိုသည်။
ဦးအောင်မျိုးသန့်က "အခုဒီအမှုမှာ ထူးဆန်းတာက အရင် ဖေဖော်ဝါရီ ၂၅ မှ ပြန်စစ်မယ်ဆိုပြီး ညနေကျတော့ အခုလ ဒီဇင်ဘာ ၂၆ မှာ ပြန်စစ်မယ်ဆိုပြီး ပြောင်းသွားတယ်။ ထိုင်းရှေ့နေတွေကတော့ တစ်ခါမှ ဒီလိုမကြုံဖူးဘူးလို့ ပြောတာပဲ" ဟု ဆိုသည်။
ဒီဇင်ဘာ ၈ရက် စတင်ရုံးထုတ်သည့်နေ့တွင် ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့အပေါ် ထိုင်းရဲတပ်ဖွဲ့က စွပ်စွဲထားသည့် လူသတ်မှု၊ မုဒိန်းမှု၊ ပစ္စည်းလုယက်မှု၊ ခိုးမှု၊ ထိန်ချန်မှု၊ တရားမဝင် ဝင်ရောက်မှု၊ ဆက်လက် နေထိုင်မှုစသည့် အမှု ၇ခုဖြင့်သာ တရားစွဲဆိုရန် တရားရုံးကဆုံးဖြတ်လိုက်သည်။
အမှု ၇ခုဖြင့် စွဲဆိုရန် ဆုံးဖြတ်ပြီး ကျူးလွန်မှုရှိမရှိ ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့ကို တရားသူကြီးက စစ်ဆေးခဲ့ရာ ကျူးလွန်ပက်သက်ခဲ့ခြင်းမရှိခဲ့ကြောင်း ဒီဇင်ဘာ ၈ ရက်တွင် ၎င်းတို့နှစ်ဦးက ထွက်ဆိုခဲ့သည်။
ယင်းအပြင် တရားလိုမိသားစုများက အမှုအပေါ်အကြံပြုချက်များ ပေးလိုပါက ပေးအပ်နိုင်ကြောင်း တရားသူကြီးက တောင်းဆိုခဲ့သော်လည်း တရားလိုမိသားစုများ တရားခွင်သို့ လာရောက်ခြင်းမရှိသည့် အတွက် အကြံပြုချက်မပေးခဲ့ဟု တရားခွင်သို့ သွားရောက်ခဲ့သည့် မြန်မာသံရုံး အထူးအဖွဲ့မှ သိရသည်။
အမှုပြန်လည်စစ်ဆေးမည့် ရက်ကိုလည်း ဒီဇင်ဘာ ၈ ရက် မနက်ပိုင်းတွင် ဖေဖော်ဝါရီ ၂၅ ဟု သတ်မှတ်ခဲ့သော်လည်း ညနေပိုင်း အချိန်တွင် ဒီဇင်ဘာ ၂၆ တွင် စစ်ဆေးမည်ဟု ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။
ဒီဇင်ဘာ ၂၆ ရက်တွင် တရားလိုပြသက်သေများကို စတင်စစ်ဆေးမည်ဖြစ်သော်လည်း ယင်းရက် မတိုင်မီ တရားခံနှင့် တရားလိုပြ သက်သေ နှစ်ခုလုံးကို တရားရုံးသို့ တင်ပြရန် တရားသူကြီးက အမိန့်ချခဲ့သည်။
ဦးအောင်မျိုးသန့်က "အမှု ဖြစ်စဉ်အတိုင်းဆိုရင် နှစ်ခုစလုံးတစ်ပြိုင်တည်း တင်ခိုင်းစရာမလိုပါဘူး။ အခုက တရားလိုဖက်ကို စစ်မယ်ပြောပြီးတရားခံပြ သက်သေကိုလည်း တင်ခိုင်းတာကလည်း ထူးဆန်းတယ်" ဟု ပြောသည်။
လက်ရှိအချိန်တွင် အမှုတွဲကူးယူရေးနှင့်၊ အာမခံ လျောက်ထားရေးတို့အတွက် ပြင်ဆင်ထားသော်လည်း လျောက်ထားနိုင်မှု မရှိသေးပေ။
ဒီဇင်ဘာ ၈ ရက် ပထမဆုံး ရုံးထုတ်သည့်နေတွင် မြန်မာနှစ်ဦးအမှုအတွက် မြန်မာသံရုံးအထူးအဖွဲ့မှ ရှေ့နေ ဦးအောင်မျိုးသန့်နှင့် ဦးကျော်သောင်း၊ ထိုင်းရှေ့နေ့ ၃ ဦး၊ မြန်မာသံရုံး အတွင်းဝန် ဦးထွန်းအေးနှင့် ရခိုင်အမျိုးသား ကွန်ယက်အဖွဲ့ဝင်တို့ သွားရောက်ခဲ့သည်။
No comments:
Post a Comment