Tuesday, December 2, 2014

ကန့်သတ်ချက်များရှိပါက မျိုးစောင့် ဥပဒေကြမ်း လေးခုကို အရပ်ဘက်အဖွဲ့များ ကန့်ကွက်မည်

မင်းမင်း

ဗုဒ္ဓဘာသာဝင် အမျိုးသမီးများကို ကာကွယ်ရန်ဟုဆိုကာ ဥပဒေများပြဋ္ဌာန်းပေးရန် သံဃာတော်အချို့ တောင်းဆိုသည့် မျိုးစောင့် ဥပဒေ မူကြမ်းလေးခုမှာ နိုဝင်ဘာလအတွင်းက ပြည်ထောင်စုလွှတ်တော်သို့ ရောက်ရှိနေပြီး ဥပဒေအဖြစ် အတည်ပြုရန် ပြန်စမည့် လွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးတော့မည် ဖြစ်သည်။

အဆိုပါ ဥပဒေကြမ်းများကို အဖွဲ့ဝင် ၁၂ ဦးဖြင့် သမ္မတ ကိုယ်တိုင်ဖွဲ့စည်းပေးထားသည့် “ဥပဒေကြမ်းရေးဆွဲ ရေးကော်မရှင်” က ရေးဆွဲ ခဲ့ခြင်းဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်၏ ဥပဒေကြမ်းပူးပေါင်းကော်မတီထံ အစိုးရက ပေးပို့ခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ဆီကို တရားဝင်ရောက်ပါပြီ။ ၁၂ ကြိမ်(ဇန်နဝါရီလတွင် ပြန်စမည့် လွှတ်တော်အစည်းအဝေး) မှာ အတည်ပြု နိုင်ဖို့ ကြိုးပမ်းဆောင်ရွက်ဖို့ စီစဉ်ထားပါပြီ” ဟု ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ အတွင်းရေးမှူး ဦးစောလှထွန်းက ဒီဇင်ဘာ ၁ ရက်တွင် မဇ္ဈိမကို ပြောသည်။

ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုင်ရာ လွှတ်တော်လုပ်ငန်းစဉ်များ ဆုံးဖြတ်ရန်ရှိနေချိန်တွင် အဆိုပါ ဥပဒေကြမ်းတို့ကို ပြည်ထောင်စုလွှတ်တော်သို့ အစိုးရက ပေးပို့လိုက်ခြင်းလည်း ဖြစ်သည်။

လွှတ်တော်တွင် ဆွေးနွေးတော့မည့် ဥပဒေကြမ်းလေးခုမှာ ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်း၊ လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေကြမ်း၊ မြန်မာ ဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့် တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်း ဆိုင်ရာဥပဒေကြမ်းတို့ ဖြစ်သည်။

ရသေ့တောင်မြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဒေါ်ခင်စောဝေက “ဥပဒေကြမ်းထဲမှာ ထောက်ပြစရာမြင် လာတယ်ဆိုရင်တော့ ဆွေးနွေး ရမှာပေါ့။ နာယကကြီးရဲ့ သဘောထားလည်း ရှိသေးတယ်လေ။ ၂၀၁၅ ရွေးကောက်ပွဲလည်း နီးလာပြီဆိုတော့ မလိုလားအပ်တဲ့ ပြဿနာတော့ မဖြစ်စေချင်ဘူး” ဟု ပြောသည်။

ဥပဒေကြမ်းတွင် ပါရှိလာမည့် ပုဒ်မများတွင် ဝေဖန်၊ ထောက်ပြစရာ ကန့်သတ်ချက်များပါရှိလာပါက အရပ် ဘက်အဖွဲ့အစည်းများ ပူးပေါင်းပြီး ကန့်ကွက်သွားမည်ဟု လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးဖြစ်သည့် Equality Myanmar မှ ဒါရိုက်တာ ဦးအောင်မျိုးမင်းက မဇ္ဈိမကို ပြောသည်။

ဖန်တီးအိမ်အမျိုးသမီးအဖွဲ့၏ ဒါရိုက်တာဖြစ်သူ ဒေါ်ရွှေရွှေစိန်လတ်ကလည်း “ကျွန်မတို့ကတော့ အမျိုးသမီး အခွင့်အရေး ထိခိုက်တာမှန်သမျှ ကန့်ကွက်မှာပဲ။ ပြီးတော့ ဖွဲ့စည်းပုံနဲ့ မကိုက်ညီဘူး။ နိုင်ငံတကာမှာထိုး ထားတဲ့စာချုပ်တွေနဲ့ မကိုက်ညီဘူးဆိုရင် ကန့်ကွက်သွားမှာပဲ” ဟုဆိုသည်။

တိုင်းရင်းသားလွှတ်တော်အမတ်အချို့ကလည်း အဆိုပါဥပဒေကြမ်းများသည် ဘာသာမတူသူများကြား အတူယှဉ်တွဲနေထိုင်ရေးကို ကန့်သတ်စေခြင်းမျိုး မဖြစ်သင့်ဟု မှတ်ချက်ပြုပြောဆိုထားသည်။

မျိုးစောင့်ဥပဒေကြမ်း တစ်ခုဖြစ်သည့် “ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်း” ကို ပြည် သူများလေ့လာနိုင်ရန် မေလ ကုန်ပိုင်းက နိုင်ငံပိုင်သတင်းစာများတွင်ဖော်ပြခဲ့ပြီး ကျန်ရှိသည့် ဥပဒေကြမ်း သုံးခုကိုမူ ဒီဇင်ဘာ ၂ ရက်ကစပြီး ထည့်သွင်းဖော်ပြပေး မည်ဟုလည်း ဒီဇင်ဘာ ၁ ရက်တွင် အသိပေး ထားသည်။

ထိုဥပဒေကြမ်းများပေါ်ထွက်လာခြင်းမှာ သံဃာတော်တချို့ဦးဆောင်သည့် အမျိုးဘာသာသာသနာစောင့် ရှောက်ရေးအဖွဲ့ (မဘသ) က သမ္မတထံ လက်မှတ်ရေးထိုး တောင်းဆိုခဲ့ခြင်းဖြစ်သည်။

No comments: