Monday, December 22, 2014

နေပြည်တော် ဗိုလ်ချုပ်ရာပြည့်ပွဲ အောင်ဆန်း- အက်တလီ စာချုပ် လက်မှတ် ရေးထိုးသော ဇန်နဝါရီလ ၂၇၌ ကျင်းပမည်

အောင်သူရထွန်း

လွတ်လပ် ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ နှစ်တစ်ရာပြည့် အမှတ်တရ အခမ်းအနားအား နိုင်ငံတဝှမ်းလုံး ဇန်နဝါရီလ ၁၃ ရက်တွင် ကျင်းပမည် ဖြစ်သော်လည်း နေပြည်တော်၌ ဇန်နဝါရီ ၂၇ ရက်မှသာ စတင်ကျင်းပမည်ဟု NLD အမတ် ဦးမင်းသူက ပြောသည်။

ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသူက “အခြားမြို့ တွေမှာတော့ ပုံမှန်ရက် အတိုင်း ကျင်းပမှာ ဖြစ်ပေမယ့် နေပြည်တော် မှာတော့ ထူးထူး ခြားခြား ဇန်နဝါရီလ ၂၇ ရက်နေ့ ကျင်းပဖို့ ကျွန်တော်တို့ ဥက္ကဌ (ဒေါ်အောင် ဆန်းစုကြည်) က ညွန်ကြား ထားပါတယ်” ဟုချို့တဲ့ကျောင်းသားများ ပညာ သင်ထောက် ပံ့ကြေး ပေးအပ်ပွဲ အခန်း အနားတွင် ပြောသည်။

ဇန်နဝါရီလ ၂၇ ရက်သည် ဗိုလ်ချုပ် အောင်ဆန်းနှင့် အင်္ဂလန် နန်းရေးဝန်ကြီး အက်တလီတို့ မြန်မာနိုင်ငံကို လွတ်လပ် ရေးပေးရန် ပထမဆုံး လက်မှတ်ရေး ထိုးချုပ်ဆိုသည့် စာချုပ်ဖြစ်သော အောင်ဆန်း-အက်တလီ စာချုပ်အား အင်္ဂလန်နိုင်ငံတွင် လက်မှတ် ရေးထိုးသော နေ့ထူးနေ့ရက်ဖြစ် သည့်အတွက် ယင်းနေ့ ရက်တွင် နေပြည်တော်၌ ဗိုလ်ချုပ်အောင်ဆန်း ရာပြည့် အမှတ်တရပွဲ ကျင်းပရန် ဖြစ်သည်။

“ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးမှာ အကြမ်း မဖက်ဘဲ အေးအေး ချမ်းချမ်းနဲ့ အဖြေရှာတဲ့ လူယဉ်ကျေးတွေ ယဉ်ကျေးမှု တစ်ရပ် ဖော်ဆောင်ပြီးတော့ အောင် ဆန်း-အက်တလီ စာချုပ်ချုပ်ဆိုတဲ့နေ့ကို နေပြည်တော်မှာ ကျင်းပရခြင်းဖြစ်တယ်” ဟုနေပြည်တော်ခရိုင် အင်န်အယ်လ်ဒီ ဥက္ကဋ္ဌ ဦးမင်းသူ ကဆိုသည်။

ဒီမိုကရေစီ အင်အားစုများ အနေဖြင့် ရာပြည့်ပွဲ ပါဝင်ဆင်နွဲရန် အသေးစိတ် အချက်အလက်များ ထုတ်ပြန်နိုင်ခြင်း မရှိသေး သော်လည်း ညှိနှိုင်းမှု များစတင် ဆောင်ရွက်နေပြီဖြစ်ပြီး ပွဲဖြစ်မြောက်ရေးအတွက် ကူညီပံ့ပိုးပေးမည့် လူမှုအဖွဲ့အစည်းများကလည်း အလုံးစုံကူညီမှေုပေးရန် အဆင်သင့် ဖြစ်နေကြောင်းသိရ သည်။

ပျဉ်းမနားမြို့နယ်၊ အင်န်အယ်လ်ဒီပါတီ ဥက္ကဋ္ဌ ဦးစိုးမင်းအောင်က "ကျွန်တော်တို့ အသေးစိတ် အစီအစဉ် ကိုတော့ ဒီဇင်ဘာ ၂၈ ရက်မှာ အစည်း အဝေးကျင်းပ ပြီးစီစဉ် ပါမယ်’’ ဟုဆိုသည်။

No comments: