Mizzima
ရန်ကုန်စက်မှုဇုန် မြေကွက်လွတ်များကို အစိုးရက ပြန်လည်သိမ်းယူရန် လုပ်ဆောင်နေသော်လည်း တိုင်းနှင့်ပြည်နယ် အချို့ရှိ စက်မှုဇုန် မြေကွက်လွတ်များအပေါ် အရေးယူလုပ်ဆောင်ခြင်း မရှိသေးကြောင်း နယ်မြေအခြေစိုက် စက်မှုလက်မှု လုပ်ငန်းရှင်များက ပြောသည်။
စစ်ကိုင်းတိုင်း ကလေးစက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီ ဥက္ကဋ္ဌ ဦးတာက “မြို့ပေါ် မြေကွက်တွေက အိုးအိမ်ဌာနဆီမှာ ဝန်ခံကတိနဲ့ လုပ်ထားတဲ့ဟာတွေပါ။ ကျွန်တော်တို့ဆီက အကွက်တွေကျတော့ မယူယူအောင် တိုက်တွန်းနေရတဲ့အတွက် ပြန်သိမ်းတာတွေတော့ မလုပ်ပါဘူး”ဟု ဆိုသည်။
ယင်းစက်မှုဇုန်အတွင်းရှိ မြေကွက်လွတ်များကို ပြန်လည်သိမ်းယူခြင်း မလုပ်သော်လည်း စက်မှုဇုန်အတွင်း လုပ်ငန်းမလုပ်ဘဲ မြို့ထဲမှာသာ လုပ်ငန်းလုပ်ဆောင်နေသူများကို စက်မှုဇုန်နယ်မြေအတွင်း ဝင်ရောက် လုပ်ကိုင်ရန် ပြောဆိုနေရသည်ဟု စစ်ကိုင်းတိုင်း စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီက ပြောသည်။
အခြားသော တိုင်းနှင့်ပြည်နယ်အတွင်းရှိ စက်မှုဇုန်များမှာ ဒေသမှ လုပ်ငန်းရှင်များသာ အဓိကလုပ်ကိုင်ခြင်းကြောင့် ရန်ကုန်စက်မှုဇုန် လုပ်ငန်းများကဲ့သို့ မြေကွက်လိုအပ်ချက် မကြီးမားကြောင်း၊ နိုင်ငံပြုပြင် ပြောင်းလဲမှုများကြောင့် ဝင်ရောက်လာသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများမှာလည်း ရန်ကုန်မြို့တွင်သာ လုပ်ငန်းအကောင်အထည်ဖော်လိုမှုများ မြင့်တက်နေခြင်းဖြစ်သည်ဟု တိုင်းနှင့် ပြည်နယ် စက်မှုဇုန် လုပ်ငန်းရှင်များက ပြောသည်။
ကရင်ပြည်နယ် ဘားအံစက်မှုဇုန် စီမံခန့်ခွဲမှုတာဝန်ရှိသူတစ်ဦးက “ရန်ကုန်စက်မှုဇုန်နဲ့ နယ်ဘက်တွေက စက်မှုဇုန် နှိုင်းလို့ တော့မရဘူး။ အခုဝင်ရောက်လာတဲ့ နိုင်ငံတကာလုပ်ငန်းတွေက ကျွန်တော်တို့ဒေသ ဘက်တွေကို လာတာမဟုတ်ဘူး။ မရှိဘူးတော့ မဟုတ်ဘူး၊ အရမ်းနည်းတယ်” ဟု ဆိုသည်။
တိုင်းနှင့်ပြည်နယ်အတွင်းရှိ စက်မှုဇုန်များ၏ အခြေခံအဆောက်အအုံမှာ ရန်ကုန်၊ မန္တလေးစက်မှုဇုန်များ ထက် နိမ့်ကျနေပြီး လမ်းပန်း ဆက်သွယ်ရေးမှာလည်း ခက်ခဲနေခြင်းကြောင့် ပြည်နယ်စက်မှုဇုန်များအပေါ် နိုင်ငံခြားလုပ်ငန်းရှင်များ စိတ်ဝင်စားမှု နည်းပါးရခြင်းဟု အဆိုပါတာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။
ရန်ကုန်တိုင်းတစ်ခုလုံးတွင် စက်မှုဇုန် မြေကွက်ပေါင်း ၁၂,၀၀၀ ဝန်းကျင်၌ မြေကွက်လွတ်၊ ဂိုဒေါင်လွတ် ၃,၂၀၀ ဝန်းကျင် အထိ ရှိနေပြီး စက်မှုလုပ်ငန်း မလုပ်ဆောင်ပါက ပြန်လည်သိမ်းယူမည်ဟု ရန်ကုန်တိုင်း အစိုးရက ထုတ်ပြန်ထားခြင်း ဖြစ်သည်။
No comments:
Post a Comment