ဟိန်းကိုစိုး
ထိုင်းနိုင်ငံတွင် လူသတ်မှုဖြင့် စွပ်စွဲခံထားရသော မြန်မာနှစ်ဦးအမှုအတွက် ကုန်ကျမည့်ငွေ၊ သက်သေများလုံခြုံရေးနှင့်အမှုရင်ဆိုင်ရာတွင် အကြံပေးမည့် ဥပဒေအရာရှိအဖွဲ့များ စေလွှတ်ရန် အမျိုးသားလွှတ်တော်က အကူအညီပေးသွားရန် ကတိပြု သည်ဟု မြန်မာသံရုံးအထူးအဖွဲ့ ရှေ့နေ ဦးအောင်မျိုးသန့်က မဇ္ဈိမကို ပြောသည်။
"တန်းဖိုးရှိတဲ့ သက်သေတွေရဲ့ လုံခြုံရေး နေထိုင်မှုကအစ၊ ဥပဒေအရာရှိ၊ လွှတ်တော်က ပေးဖို့ ကျန်တဲ့ငွေ ဒါတွေကိုအပြန်မှာပေးမယ်၊ ထပ်ပြီးတော့လည်း လိုအပ်မယ်ဆိုရင် ပေးသွားဦးမယ်လို့ ကတိပေးခဲ့တယ်"ဟု ၎င်းကဆိုသည်။
ကမာရွတ်မြို့နယ် အင်းယားလမ်းရှိ ရန်ကုန်လွှတ်တော်ရုံးခွဲတွင် အမျိုးသားလွှတ်တော်ဥက္ကဌ ကိုယ်စား အမျိုးသားလွှတ်တော် ဘဏ္ဍာရေးနှင့်ဥပဒေရေးရာကော်မရှင် အတွင်းရေးမှုး ဦးမြင့်သိန်းအပါအ၀င် ကိုယ်စားလှယ် ၈ ဦးနှင့် မြန်မာသံရုံးအဖွဲ့တို့ တွေ့ဆုံမှုပြီးတွင် ပြောခြင်းဖြစ်သည်။
လိုအပ်သောအကူအညီများကို အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်မှ တစ်ဆင့် အစိုးရအဖွဲ့ တာဝန်ရှိသူတို့ဆီသို့ထံ တိုက်ရိုက်ပြော ဆိုပေးမည်ဟု မြန်မာအဖွဲ့က ဆိုသည်။
အမှုချေပရန် ခိုင်မာသည့် သက်သေ ၃ဦးကိုလည်း သံရုံးတွင်ထားရှိထားပြီး၊ မြန်မာနိုင်ငံ ထားဝယ်၊ ရခိုင်နှင့် မိတ္ထီလာတို့မှ သက်သေများ ကိုလည်း ရရှိထားပြီးဖြစ်ပြီး မြန်မာနှစ်ဦးစွပ်စွဲခံထားရသော သေဒဏ်ချမှတ်နိုင်သည့် လူသတ်၊ မုဒိန်းမှုတို့အတွက် ခိုင်လုံစွာ ချေပနိုင်မည်ဟု ဦးအောင်မျိုးသန့် က ပြောသည်။
ယင်းအရေး လိုက်ပါဆောင်ရွက်နေသည့် မြန်မာအဖွဲ့သည် သမ္မတရုံး၊ အမျိုးသားလူ့အခွင့် အရေးကော်မရှင်၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအထူးအဖွဲ့ တို့နှင့်လည်း တွေ့ဆုံကာ အမှုအတွက် လိုအပ်မည့် သက်သေများ ရယူရေး၊ အမှုအတွက် ပံ့ပိုးမှုများ ရရှိရေး ဆွေးနွေးရန် စီစဉ်ထားသည်။
ဒီဇင်ဘာ ၂၆ရက်တွင် ထိုင်းနိုင်ငံ ကော့စမွေ ခရိုင်တရားရုံး၌ အမှုကြားနာရန်ရှိပြီး စွပ်စွဲခံထားရသူ မြန်မာနှစ်ဦးနှင့် တွေ့ဆုံနိုင်ရန် မိသားစုဝင်များကို ထိုင်းနိုင်ငံသို့ ဒုတိယအကြိမ် ခေါ်ဆောင်သွားရန် ရှိသည်။
စက်တင်ဘာ ၁၅ရက် လပြည်ညပွဲတော်တွင် ဗြိတိန်စုံစွဲကို သတ်ဖြတ်ခဲ့သည်ဟုဆိုကာ မြန်မာရွေ့ပြောင်း လုပ်သား ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့ကို လူသတ်မှု၊ မုဒိန်းမှုအပါအ၀င် ပုဒ်မခုနှစ်ခုဖြင့် ထိုင်းရဲတပ်ဖွဲ့က တရားစွဲထားခြင်းဖြစ်သည်။
အဆိုပါ အမှုအတွက် အမျိုးသားလွှတ်တော်က ထပ်မံကူညီရန်စီစဉ်ခြင်းဖြစ်ပြီး နိုဝင်ဘာအတွင်းတွင် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နှင့် အမတ်နှစ်ဦးကတစ်ဦးလျှင် ကျပ်သိန်းတစ်ရာနှုန်းလှူဒါန်းထားဖူးသည်။ သို့သော် ယနေ့အချိန်အထိ ကျပ်ငွေ သိန်း ၁၅၀ နှင့်ညီမျှသော ပမာဏသာရောက် ရှိသေးသည်ဟု မြန်မာသံရုံး အထူးအဖွဲ့ကဆိုသည်။
No comments:
Post a Comment