Monday, December 1, 2014

နိုဝင်ဘာလမှာ ရောင်းအားကောင်း စမတ်ဖုန်းသုံးလုံး

မောင်မန်း

၂၀၁၄ ရဲ့ တတိယလေးလပတ်မှာ စမတ်ဖုန်းသစ်တွေ ပြည်တွင်းဈေးကွက်ကို အလုံးအရင်းနဲ့ ၀င်ရောက် လာပါတယ်။ ပြည်ပက ဖိတ်ခေါ်ထားတဲ့ မိုဘိုင်းအော်ပရေတာတွေကလည်း အသက်ဝင်လာပြီဆိုတော့ ဈေးကွက်လိုအပ်ချက်ကလည်း ပိုများလာပါပြီ။

အများအပြားဝင်လာတဲ့ စမတ်ဖုန်းတွေထဲက ဘယ်လိုစမတ်ဖုန်းတွေကို ရွေးချယ်မလဲဆိုတာ စဉ်းစားရ ခက်နေရင် နိုဝင်ဘာတစ်လ အတွင်း ပြည်တွင်းဈေးကွက်မှာ အရောင်းရဆုံး ဖုန်းသုံးလုံးကို ဖော်ပြပေးလိုက် ပါတယ်။ ဒီဖော်ပြချက်က ရန်ကုန်မြို့ရဲ့ စမတ်ဖုန်း အရောင်းဆိုင်ကြီးတွေရဲ့ စာရင်းအရဖြစ်ပါတယ်။ ထိပ် တန်းစမတ်ဖုန်းတွေ မပါတာကတော့ သူတို့ရဲ့ ကြီးမြင့် တဲ့ဈေးနှုန်းတွေကြောင့် ဖြစ်ပါလိမ့်မယ်။


Galaxy Grand Prime

၂၀၁၄ အောက်တိုဘာမှာ ပြည်တွင်းကို ရောက်လာခဲ့တဲ့ Grand Prime က နိုဝင်ဘာလရဲ့ ရောင်းအား ကောင်း စမတ်ဖုန်းတစ်လုံးဖြစ်ပါတယ်။ ဈေးနှုန်းအရလည်း ကျပ် ၂၂၅,၀၀၀ ဆိုတော့ တော်ရုံလက်လှမ်း မီတဲ့ အနေအထားဖြစ်နေတာကြောင့် ဖြစ်ပါလိမ့်မယ်။ ဒီဇိုင်းအရလည်း ပါးလွှာစမတ်ကျပြီး မျက်နှာပြင် အရွယ်အစားက ငါးလက်မ ဖြစ်ပါတယ်။ ကင်မရာအရည်အသွေးက 8MP ပါ။Li-Ion 2600 mAh ဘက်ထ ရီကို အသုံးပြုထားပြီး 2G ကွန်ရက်မှာ ဖုန်းပြောဆိုမှု ၁၇ နာရီအထိ ပြောဆိုနိုင်မယ်လို့ ဆိုထားပါတယ်။ သီချင်းဖွင့်တာကို ၇၅ နာရီအထိ အသုံးပြုနိုင်မယ်လို့ ဆိုထားပါတယ်။ GSM နှစ်ကတ်သုံး ဖုန်းဖြစ်တာ ကြောင့် ပြည်တွင်းမှာ အော်ပရေတာတွေ စမ်းသပ်ရွေးချယ်နေရတဲ့ အခြေအနေနဲ့ အံကိုက်ပါပဲ။

Huawei Honor U 10

Huawei ရဲ့ထုံးစံအတိုင်း ဈေးနှုန်းကတော့ အလယ်အလတ်တန်း စမတ်ဖုန်းတွေထဲမှာ သက်သောင့် သက်သာရှိပါတယ်။ ကျပ် ၁၁၅,၀၀၀ ၀န်းကျင်ပါ။ GSM ဆင်းမ်ကတ်သုံး စမတ်ဖုန်းပါ။Huawei Honor ဖုန်းတွေက ဒီဇိုင်းပိုင်းပါးလွှာပေါ့ပါးမှုနဲ့ ဈေးကွက်ရဲ့ စိတ်ဝင်စားမှုကို အရယူခဲ့တာပါ။ မျက်နှာပြင်အရွယ် အစားက လေးလက်မအရွယ်ရှိပါတယ်။ ကင်မရာအရည်အသွေးက 8MP ပါ။Li-Ion 1930 mAh batteryကို အသုံးပြုထားပြီး ဖုန်းပြောဆိုမှုအတွက် ၇ နာရီနီးပါးအသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။

Samsung Galaxy Core 2

ဆမ်ဆောင်းက GSM နှစ်ကတ်သုံး အလယ်အလတ်ဖုန်းတွေကို ၂၀၁၄ ရဲ့ တတိယ လေးလပတ်အတွင်း မှာ တင်သွင်းလာပါတယ်။Galaxy Core 2 က ဒီထဲက အပါအ၀င် ဖုန်းတစ်လုံးပေါ့။ ဈေးနှုန်းက ကျပ် ၁၅၅,၀၀၀ ၀န်းကျင်ပါ။ မျက်နှာပြင် အရွယ်အစား ၄ ဒသမ ၅ လက်မပါ။ ကင်မရာအရည်အသွေးက 5MP ပါ။Li-Ion 2000 mAh ဘက်ထရီကို အသုံးပြုထားပါတယ်။ ဖုန်းပြောဆိုမှုအတွက် ခုနစ်နာရီ လောက် အသုံးပြုနိုင်မှာပါ။

ပြည်တွင်း ပြည်ပအော်ပရေတာတွေ အပြိုင်ဝန်ဆောင်မှုပေးလာတဲ့အချိန်မှာ ပြည်တွင်းစမတ်ဖုန်းဈေး ကွက်က လိုအပ်ချက်များလာပါတယ်။ တန်ဖိုးကြီး စမတ်ဖုန်းတွေနဲ့ ယှဉ်ရင် အလယ်အလတ်တန်း စမတ် ဖုန်းတွေ ပိုပြီးရောင်းအားကောင်းတာတော့ မဆန်းပါဘူး။

Samsung Galaxy V, Huawei G 610 တို့လည်း ရန်ကုန်မြို့က မိုဘိုင်းဖုန်း အရောင်းဆိုင်တွေရဲ့ နိုဝင်ဘာလ ရောင်းအားကောင်းစာရင်းမှာ ပါနေပါသေးတယ်။

No comments: