Friday, December 26, 2014

မျိုးစောင့်ဥပဒေ ကန့်ကွက်သူနှင့် ထောက်ခံသူများကို ယှဉ်ပြိုင်ဟောပြောကြရန် ဖိတ်ခေါ်

မင်းမင်း

ဒွိဟဖြစ်နေသည့် “မျိုးစောင့်ဥပဒေ” ဟု လူသိများသော ဥပဒေကြမ်းများအပေါ် ကန့်ကွက်သူများနှင့် ထောက်ခံ သူတို့ ယှဉ်ပြိုင်ဟောပြောရန် ဖိတ်ခေါ်ထားပြီး ပါဝင်လိုသူများ ဖုန်းနံပါတ် ၀၉၄၀၂၅၁၈၉၅၄ သို့ ဆက်သွယ်စာရင်းပေးနိုင်သည်ဟု စီစဉ်သူ ရေတာရှည်မြို့မှ အမည်မဖော်လိုသော ဆရာတော်တစ်ပါးက မိန့်သည်။

ယင်းဥပဒေကြမ်းများအပေါ် ကန့်ကွက်လိုသူများနှင့် ထောက်ခံသူများအနေဖြင့် အဘယ့်ကြောင့် ထောက်ခံရသည်၊ အဘယ့်ကြောင့် ကန့်ကွက်ရသည်ကို နိုင်ငံရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေး ရှုထောင့်ပေါင်းစုံဖြင့် ယှဉ်ပြိုင်ဟောပြောကြရန်စီစဉ်နေခြင်းဖြစ်သည်။

“ကန့်ကွက်သူတွေကလည်းရှိ၊ ထောက်ခံသူတွေကလည်းရှိနေတော့ ပြည်သူတွေအနေနဲ့ ဘယ်ဖက်ကို လိုက်ရမှန်းမသိဘူးပေါ့။ ကွဲကွဲပြားပြားမသိကြဘူးပေါ့လေ။ အဲ့ဒါကြောင့် ဒီလိုလုပ်ပေးလိုက်ရင် အဖြေတစ်ခုခုတော့ ထွက်မှာပဲလေ။ အဖြေတစ်ခုခုရသွားရင် ပြည်သူတွေလည်း ပြတ်ပြတ်သားသား သိသွားမယ်” ဟု အဆိုပါ ဆရာတော်က မိန့်သည်။

ဟောပြောပွဲကို နိုင်ငံရေးပါတီအသီးသီးနှင့် လူမှုရေးအဖွဲ့အစည်းအသီးသီးကပါ မည်သူမဆို ဝင်ရောက် ယှဉ်ပြိုင်နိုင်သည်ဟု ဆိုသည်။

“စည်းမျဉ်း၊ စည်းကမ်းလေးနဲ့ပေါ့။ ဘယ်လိုဖြစ်ရင် နိုင်တယ်။ ဘယ်လိုဖြစ်ရင်ရှုံးတယ် ဆိုတာကို ပြိုင်မယ့် ပုဂ္ဂိုလ်တွေပေါ်လာရင် အပြင်မှာလူချင်းတွေ့ပြီးတော့ အသေးစိတ်ဆွေးနွေးပြီးတော့မှ ဦးဇင်းတို့က တစ်နိုင်ငံလုံးသတင်း ထုတ်ပြန်ပြီးတော့မှ ပြိုင်ပွဲရက်တွေ၊ ပြိုင်မယ့် နေရာတွေကို ကြေငြာပေးမှာပါ” ဟု အဆိုပါ ဆရာတော်က မိန့် ကြားသည်။

ယခုကဲ့သို့ စီစဉ်ရသည့် အကြောင်းအရင်းကို မဇ္ဈိမက မေးမြန်းရာ အဆိုပါ ဆရာတော်က ၎င်းအနေဖြင့် မျိုးစောင့်ဥပဒေအပေါ် ကန့်ကွက်သူမဟုတ်သလို၊ ထောက်ခံသူလည်း မဟုတ်ကြောင်း၊ ယခုကဲ့သို့ ဒွိဟဖြစ်နေ သည့်အပေါ် ကွဲကွဲပြားပြားသိစေရန် ဆရာတော်တစ်ပါး၏ လမ်းညွှန်ချက်ဖြင့် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဆို သည်။

“ဦးဇင်းရဲ့အထက်မှာ ဆရာတော်ကြီးတစ်ပါးရှိတယ်။ သူက ဒီအပေါ်မှာ ကန့်ကွက်သူတွေ၊ ထောက်ခံသူတွေရှိနေ တယ်ပေါ့လေ။ အဲ့တော့ အဖြေတစ်ခုကွဲကွဲပြားပြားရဖို့ ဒီလို၊ ဒီလိုလုပ်ရင်ကောင်းမယ်ဆိုပြီးတော့ ဦးဇင်းက ကြားကစီစဉ်လိုက်တာ” ဟု မိန့်ကြားသည်။

အဆိုပါ ယှဉ်ပြိုင်ဟောပြောရန် ဖိတ်ခေါ်သည့်စာကို မန္တလေးမစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝီရသူ၏ လူမှုကွန် ယက်စာမျက်နှာတွင် ဒီဇင်ဘာ ၁၉ရက်က ဖော်ပြထားသေးသည်။

No comments: