Wednesday, December 24, 2014

ဓာတ်တိုင်ကျိုးအောင်တိုက်သော ဒိုင်နာယာဉ်ကြောင့် ကမ္ဘာအေးဘုရားလမ်းပိတ်ဆို့

ဇေယျာချမ်းအေး

ကမ္ဘာအေးဘုရားလမ်း၊ စာတိုက်မှတ်တိုင်အနီးရှိ ဓာတ်တိုင်ကို ခရီးသည်တင် ဒိုင်နာယာဉ် ဝင်တိုက်မှုကြောင့် ဓာတ်တိုင်နှစ်တိုင်မှာ ကားလမ်းမပေါ်သို့ ကန့်လန့်ဖြတ် လဲကျခဲ့ပြီး ယာဉ်ကြောပိတ်ဆို့မှု အချိန်သုံးနာရီကြာ ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၃ရက်နံနက် ၁၀နာရီ ၁၀မိနစ်ခန့်တွင် နဝဒေးလမ်းဆုံမှ ချော်တွင်းကုန်းဘက်သို့ မောင်းနှင်လာသော ၇၉ ဒိုင်နာယာဉ်သည် စာတိုက်မှတ်တိုင်အနီးတွင် အရှိန်မထိန်းနိုင်ဘဲ ဓာတ်တိုင်ကို ဝင်တိုက်မိခဲ့ခြင်းဖြစ်သည်။ ဒိုင်နာယာဉ်အတိုက်ခံရသော ဓာတ်တိုင်သည် ကမ္ဘာအေး ဘုရားလမ်းမပေါ်တွင် မောင်းနှင်နေသော စလွန်းကားတစ်စီးပေါ်သို့ လဲကျခဲ့ကာ ၀င်တိုက်ခံရသော ဓာတ်တိုင်လဲကျသည့်အရှိန်ဖြင့် အခြားဓာတ်တိုင်တစ်တိုင်လည်း ကားလမ်းမပေါ်သို့ ထပ်ဆင့်လဲကျခဲ့သည်။ ယာဉ်တိုက်မှုကြောင့် ၇၉ ဒိုင်နာယာဉ်အပေါ်တွင် လိုက်ပါစီးနင်းလာသူ အမျိုးသမီး လေးဦး ဒဏ်ရရာရှိခဲ့ပြီး မြောက်ဥက္ကလာ မေဓာဝီဆေးရုံသို့ တင်ပို့ခဲ့ရသည်။ ဓာတ်တိုင်လဲကျသွားသည့် စလွန်းကားပေါ်တွင် လိုက်ပါစီးနင်းလာသူများမှာမူ ထိခိုက်ဒဏ်ရာရရှိမူ မရှိခဲ့ပေ။

"ယာဉ်မောင်းရော၊ ယာဉ်နောက်လိုက်ရော ဖြစ်ဖြစ်ချင်းမှာပဲ ထွက်ပြေးသွားပါတယ်။ ယာဉ်ပိုင်ရှင်ဆီကိုတော့ ဆက်သွယ်အကြောင်းကြား နေပါတယ်။ ထိခိုက်ဒဏ်ရာရသွားသူတွေကတော့ စိုးရိမ်စရာ အနေအထားသိပ်မရှိပါဘူး" ဟု အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိလာသည့် ရဲဝန်ထမ်း တင်အောင်မိုးက မဇ္ဈိမကို ပြောသည်။

တာဝန်ကျယာဉ်ထိန်းရဲအရာရှိက "မော်တော်ယာဉ်ဥပဒေနဲ့အညီ တရားစွဲဆိုသွားမှာဖြစ်ပါတယ်။ လောလောဆယ်တော့ ယာဉ်ကြော ပိတ်ဆို့မှုကို ရှင်းဖို့ ကရိန်းတွေနဲ့ ဖယ်နေပါတယ်" ဟု ဆိုသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် ကမ္ဘာအေးဘုရားလမ်းမပေါ်တွင် ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပွားခဲ့ပြီး နေ့ခင်း ၁ နာရီခန့်တွင် ယာဉ်အသွားအလာ ပုံမှန်ပြန်ဖြစ်ခဲ့သည်။

No comments: