Wednesday, December 3, 2014

ပြည်သူအတွက် အကျိုးမရှိလျှင် ဖွဲ့စည်းပုံပြင်ရမည်ဟု နော်ဝေ ဖွဲ့စည်းပုံကို ဥပမာပေးကာ နော်ဝေဘုရင်ပြော

Mizzima

ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပါရှိသည့် အချက်အလက်များသည် ပြည်သူလူထုအတွက် အကျိုးမရှိပါက ပြင်ရမည်ဟု နော်ဝေနိုင်ငံ အခြေခံဥပဒေတွင် ဆိုထားကြောင်း ဥပမာပေး၍ နော်ဝေနိုင်ငံ၏ ပဉ္စမမြောက် ဟယ်ရယ်လ်ဘုရင်က ပြောကြားလိုက်သည်။

ဒီဇင်ဘာ ၂ ရက်တွင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ပြုလုပ်သည့် အရပ်ဘက် အဖွဲ့အစည်းများနှင့် တွေ့ဆုံ စဉ် ပြောကြားခြင်း ဖြစ်သည်။

နော်ဝေနိုင်ငံ၏ အခြေခံဥပဒေသည် ပြည်သူများ၏ အခွင့်အရေးကို ကာကွယ် စောင့်ရှောက်ပြီး ဒီမိုကရေစီကို တည်တံ့ခိုင်မြဲစေသည် ဟုလည်း ၎င်းက ထည့်သွင်းပြောကြားသည်။ နော်ဝေနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လိုက်နာကျင့်သုံးခဲ့သည့် ၁၈၁၄ ခုနှစ်မှစ၍ အကြိမ်ပေါင်း ၂၀၀ ထက်မနည်း ပြင်ဆင်ခဲ့ပြီး ကျင့်သုံးခဲ့သည့် နှစ် ၂၀၀ အတွင်း ပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် ပြည်ထောင်စု လွှတ်တော်တွင် ဆွေးနွေးခဲ့ပြီး ဖြစ်ကာ ၂၀၁၅ ခုနှစ်၊ မေလတွင် ပြင်ဆင်မည့် ပုဒ်မများအတွက် ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပကာအတည် ပြုမည်ဖြစ်သည်။

ယင်းနောက် ၂၀၁၅ ခုနှစ်ကုန်တွင် ကျင်းပသည့် ရွေးကောက်ပွဲမှ အရွေးချယ်ခံ ရသည့် ကိုယ်စားလှယ်များဖြင့် ၂၀၁၆ ခုနှစ် ဆန်းတွင် လွှတ်တော်များ ခေါ်ယူကာ ပြင်ဆင်မည့်အပိုဒ်များ အတည်ပြုခြင်း၊ အစိုးရအဖွဲ့ ဖွဲ့စည်းခြင်းများ ပြုလုပ်မည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံ ပြင်ဆင်ရေးတွင် ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုင်ရာပုဒ်မ ၄၃၆ မပြင်ဆင်ရန်ကို တပ်မတော်သား အမတ်များက အကြံပြုထားသည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အရေးကြီးပုဒ်မများ ပြင်ဆင်နိုင်ရန် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်ဦးရေ၏ ၇၅ ရာခိုင်နှုန်းနှင့် အထက်က ထောက်ခံမှ ပြင်ဆင်နိုင်မည်ဖြစ်ပြီး တချို့ပုဒ်မများကို ပြည်လုံးကျွတ် ဆန္ဒခံယူပွဲဖြင့် ပြင်ဆင်ရန်လိုသည်။


ငြိမ်းချမ်းရေးဖြစ်စဉ်တွင် စိန်ခေါ်မှုများစွာ ရင်ဆိုင်ရဦးမည်

မြန်မာနိုင်ငံတွင် ဖော်ဆောင်နေသည့် ငြိမ်းချမ်းရေးဖြစ်စဉ်များနှင့်ပတ်သက်၍လည်း စိန်ခေါ်မှုများစွာကို ရင်ဆိုင်ရဦးမည်ဖြစ်ပြီး ငြိမ်းချမ်းရေး ရယူတည်ဆောက် သည့်ဖြစ်စဉ်တွင် ရေရှည်တည်တံ့ ခိုင်မြဲစေရန် အချိန်ယူရမည်ဖြစ်သည်ဟုလည်း နော်ဝေဘုရင် ဟယ်ရယ်လ်ကဆိုသည်။

စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့မည်

နော်ဝေနိုင်ငံသည် မြန်မာနိုင်ငံနှင့် စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှုနှင့် လုပ်ငန်းများကို အတူတကွ တိုးချဲ့ရန် မျှော်လင့်ချက် ရှိကြောင်း နော်ဝေဘုရင်၏ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။ လျှပ်စစ် ဓာတ်ရရှိရေးနှင့် ရေရှည်တည် တံ့ခိုင်မြဲမည့် စွမ်းအင်ထုတ်လုပ်ရန်လည်း ကူညီမည်ဟုဆိုသည်။

ပညာသင်ဆု ပေးရန်စီစဉ်

ကရင်အမျိုးသားအစည်းအရုံး KNUအဖွဲ့ဝင် David Taw အမည်ဖြင့် နော်ဝေနိုင်ငံက ပညာသင်ဆုပေးအပ် မည်ဟုလည်း နော်ဝေ ဘုရင်က ပြောကြားခဲ့သည်။ မြန်မာနိုင်ငံမှ ကျောင်းသားကျောင်းသူများအတွက် နော်ဝေနိုင်ငံမှ ထောက်ပံမည့် David Taw အမည်ရှိ ပညာသင်ဆု ရန်ပုံငွေကို သမိုင်း၊ လူမှုဆိုင်ရာဘာ သာရပ်များ၊ ၀ိဇ္ဇာနှင့် မဟာဝိဇ္ဇာအတန်းများတွင် တက်ရောက်ပညာ သင်ကြားနိုင်မည်ဖြစ်သည်။

No comments: