Thursday, December 25, 2014

Grand Royal ရှိုးတွင် ဝတ်စားဆင်ယင်မှုကြောင့် ဖျော်ဖြေမှု ခတ္တရပ်ဆိုင်းခဲ့ရသည့် အမွန်း

သူဇာလင်း

ဒီဇင်ဘာ၂၀ရက် ညက မျှော်စင်ကျွန်း၌ ကျင်းပ ခဲ့သည့် Grand Royal ဖျော်ဖြေ ပွဲတွင် အဆိုတော် အမွန်း၏ ဝတ်စား ဆင်ယင် မှုကြောင့် ၎င်း၏ ဖျော်ဖြေမှု ခတ္တရပ်ဆိုင်း ခဲ့ရသည်ဟု အဆိုတော် အမွန်းက မဇ္ဈိမကိုပြောသည်။

''ဒီပွဲကို Grand Royal က ဖိတ်ကြားချက်နဲ့ ဆိုဖြစ်တာပါ။ အမွန်း သီချင်းဆိုနေ တဲ့အချိန်မှာ အနောက်က ပွဲစီစဉ် တဲ့သူက လာခေါ်ပြီး အ၀တ်အစား ချက်ချင်း လဲခိုင်းတယ်။ ပြီးတော့ ဆင်ဆာ ထိထား တယ်ဆိုတဲ့ သတင်းစာကို ဖုန်းထဲကနေ ပြတယ်။

အဲလိုမျိုးတွေ အမွန်းဘာမှ မသိပါဘူး။ သတင်းစာလည်း မဖတ်အားပါဘူး။ ဒီအ၀တ်အစားက သီချင်းနဲ့လိုက်ဖက်မဲ့ သရုပ်ဖော် လည်းပါ တဲ့အတွက် သဘောကျ လို့ဝတ် တာပါ ။ပေါက်စေ ချင်တဲ့ သဘောမျိုး ထွင်ပြီး ၀တ်တာ လည်းမဟုတ်ပါဘူး။

အမွန်း ဒီလိုဝတ်စား ဆင်ယင် တာကို ပရိသတ်က လက်ခံခဲ့ပေမယ့် လူတစ်ချို့ အမြင်မှာ ဆန်းကြယ်နေပြီး လက်မ ခံနိုင်ဖြစ်နေတယ်။ ပရိသတ် အနေနဲ့ အမွန်း ကို အားပေး ကြပြီး ၀တ်စား ဆင်ယင် မှုအတွက် သတိတောင် မထားမိ ကြပါဘူး''ဟု ၎င်းက ပြောသည်။

ဒီဇင်ဘာ ၂၀ရက် ညက သီဆိုသည့် အဆိုတော် များထဲတွင် အဆိုတော် အမွန်းက ပွဲဦးထွက် သီဆို ခဲ့ခြင်း ဖြစ်ပြီး သူကသီချင်း တစ်ပုဒ် အပြီး နောက်တစ်ပုဒ်ဆို မည့်အချိန်တွင် ပွဲစီစဉ် သူက လာရောက်ခေါ်သွား ခဲ့ခြင်းဖြစ်ပြီး သူမအပြီး မကြာမီက အပြည်ပြည် ဆိုင်ရာ အသည်း ကွဲသောနေ့ သီချင်းခွေ ထွက်ရှိ ထားသည့် အဆိုတော် ဇွဲပြည့်က သီဆိုခဲ့သည်။ သူ၏ သီဆိုမှု အပြီးတွင် အမွန်းက အဝတ်အစား အသစ်လဲ လှယ်ကာ ပြန်လည်ဖျော်ဖြေခဲ့ခြင်း ဖြစ်သည်။

သူမ နောက်တစ်ကြိမ် စင်ပေါ်သို့ အတက်တွင် "အမွန်းအဝတ် အစားလဲပြီး ပြန်တက် လာပါပြီ"ဟု ပရိတ်သတ် များကို အမွန်းက အသိပေး ခဲ့သည်။

ယင်းဖျော်ဖြေမှုနှင့် ပတ်သက်ပြီး ၎င်းက "အမွန်း သီချင်း ဆိုတဲ့ အချိန်မှာ တော်တော့်ကို စိတ်အနှောင့် အယှက်ဖြစ် ခဲ့ရပါတယ်။ ဘာလို့လဲဆိုတော့ ပရိသတ်က အညာခံ လိုက်ရလို့ပါပဲ။ ဒီပွဲမှာ အမွန်း ဖျော်ဖြေ မှုအတွက် သီချင်းလေးပုဒ်ကို အသေအချာ အတိကျတိုက်ပြီး လုပ်ထား တာပြီး ပရိသတ်ကို ဒီလိုဖျော် မယ်ပေါ့။

ဒါပေမယ့်လက်တွေ့မှာ အမွန်းဆိုရတာ သီချင်းသုံးပုဒ်နဲ့ အဖြတ်ခံလိုက်ရပါတယ်။ အဲဒီအတွက်ကိုယ့်ကိုကိုယ်တောင် မသိလိုက်ပါဘူး။ သီချင်းက ရပ်သွားတော့ ဆက်ဆိုရမှာလားဆိုတော့ ပြီးသွားပြီလို့ပြောပါတယ်။ နောက်ဆိုရင် အမွန်း ဖျော်ဖြေတဲ့အခါမှာ ပရိသတ်မျက်နှာကိုပဲ ကြည့်ပါမယ်။ ကျန်တာကို အမွန်းဂရုစိုက် မှာ မဟုတ်တော့ပါဘူး။

ဒီပွဲ အမွန်း အတွက် သင်ခန်းစာလည်း ရခဲ့ပါတယ်။ နောက်ဆို ၀တ်စား ဆင်ယင်မှု အပိုင်းနဲ့ ပက်သက်ပြီး ဆင်ခြင်ပါ့ မယ်ဆိုတာကို ပရိသတ် ကိုလည်း တောင်း ပန်ပါတယ်။ အခုဝတ်တဲ့ ဝတ်စုံဒီဇိုင်းက ဟောလိဝုဒ် အဆိုတော်တွေ ဝတ်ဆင်မှုကို သဘောကျပြီး ၀တ်ခဲ့တာပါ"ဟု အဆိုတော် အမွန်း ကပြောသည်။

အဆိုပါဖျော်ဖြေပွဲတွင် အဆိုတော် အမွန်းသည် "ရည်းစား၊ မင်းပေး တဲ့အချစ်နှင့် ဂိုးပါနိုး ပါဒိုးပါ "သီချင်း များဖြင့် သီဆိုခဲ့ ခြင်းဖြစ်သည်။ ၎င်း၏" မင်းပေး တဲ့အ ချစ်" ဒီဗီဒီကို စက်တင်ဘာ၂၂ရက်တွင် ထွက်ရှိရန် ပြင်ဆင်ထားသော်လည်း"မင်းအိပ်မက်ထဲက"သီချင်းသည် အမေရိ ကန်နိုင်ငံလော့ အိန်ဂျလိစ် ကမ်းခြေတွင် ရိုက်ကူးရာ၌ ခြေသလုံးများ ပေါ်ခဲ့ခြင်းကြောင့် ဆင်ဆာငြိခဲ့ရာ ပြန်လည်ပြင်ဆင်ပြီး အောက်တိုဘာ၃ရက်၌ ထွက်ရှိခဲ့ရသည်။

အဆိုတော်အမွန်းသည် Me and Ma Girl ၏ အဖွဲ့ခေါင်းဆောင်ဖြစ်ပြီး ၂၀၁၂ အစောပိုင်းအထိ ပြည်ပ၌ ရပ်တည်ခဲ့ပြီး ၎င်းတို့အဖွဲ့၏ မင်္ဂလာပါမြန်မာဟူသည့် သီချင်းသည် နာမည်ကျော်ခဲ့သည်။

No comments: