စံမောင်သန်း
ရိုးမအလင်းတက္ကသိုလ်ဝင်တန်း အခမဲ့သင်တန်းကျောင်းမှ ကြီးမှူးပြုလုပ်ခဲ့သော မြန်မာစာ စာစီစာကုံးပြိုင်ပွဲနှင့် အင်္ဂလိပ်စာ Letter & Essay ပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသော ကျောင်းသူ ကျောင်းသားများအား ဆုပေးပွဲ အခမ်းအနားတစ်ရပ်ကို ရိုးမအလင်းကျောင်း တည်ရှိရာ ရခိုင်ပြည်နယ် စစ်တွေမြို့ ဂြစ်ဘက်ကျောင်းတွင် ဒီဇင်ဘာလ ၂၁ ရက်နေ့က ပြုလုပ်ခဲ့သည်။
ယင်းအခမ်းအနားတွင် မြန်မာစာ စာစီစာကုံးပြိုင်ပွဲအတွက် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသူ ကျောင်းသူ ကျောင်းသား ၅ ဦးနှင့် အင်္ဂလိပ်စာ Letter & Essay ပြိုင်ပွဲအတွက် ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆုရရှိသူ ကျောင်းသူ ကျောင်းသား ၆ ဦးကို ဆုများပေးအပ်ခဲ့သည်။
ယင်းအခမ်းအနား နှစ် ၄၀ မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်အနေဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး မြန်မာစာစာစီစာကုံး ပြိုင်ပွဲအတွက် ၁၇၈ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ယင်းအထဲမှ စစ်တွေမြို့ အထက ၂ ဒဿမတန်း (A) မှ မသေးနုစံမှာ ပထမဆုကို ရရှိခဲ့သည်။ ဒုတိယဆုကို မလတ်လတ်ဌေး၊ တတိယဆုကို မစုစုစံ နှင့် နှစ်သိမ့်ဆုများကို မနီလာထွေး၊ မမြတ်အိခိုင်၊ မောင်ကိုကိုနိုင်၊ မသူသူဟန်နှင့် မမျိုးမြတ်ကြည်တို့ အသီးသီး ရရှိသွားကြောင်း သိရသည်။
အင်္ဂလိပ်စာ Letter & Essay အတွက် ၈၆ ဦးဝင်ရောက်ယှဉ်ပြိုင်ရာ ပထမဆုကို စစ်တွေမြို့ အထက ၂ ဒဿမတန်း (A) မှ မသူသူဟန်က ရရှိခဲ့သည်။အင်္ဂလိပ်စာ Letter & Essay အတွက် ဒုတိယဆုကို မသဲနုစံ၊ တတိယဆုကို မ၀င်းသီရိနွယ်၊ နှစ်သိမ့်ဆုများကို မောင်သန့်ဇင်၊ မငြိမ်းငြိမ်းဌေး၊ မောင်ဖြိုးခန့်စည်သူ၊ မမိုးစုစုစံ၊ မဇင်မာဖြိုးနှင့် မစောယုနွယ်နီတို့ ဖြစ်ကြောင်းသိရသည်။
“ မြန်မာစာ ဂုဏ်ထူးထွက်ရန် စာစီစာကုံးသည် အဓိက ကျသည်ဟု ဆရာ ဆရာမများက ပြောကြောင်း၊ ယခုလို ဆုရရှိသည့်အတွက် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုရာ၌ များစွာအထောက်အကူ ပြုလိမ္မည်ဟု မျှော်လင့်ပါကြောင်း” မြန်မာစာ စာစီစာကုံးအတွက် ပထမဆုရရှိပြီး၊ အင်္ဂလိပ်စာ Letter & Essay အတွက် ဒုတိယဆုပါ ရရှိသူ မသဲနုစံက ပြောသည်။
“မြန်မာစာမှာ ဂုဏ်ထူးထွက်တယ်ဆိုတဲ့ ကျောင်းသား အလွန်နည်းပါတယ်။ ၂၀၁၃-၂၀၁၄ စာသင်နှစ် အတွင်းမှာ ကျွန်မတို့ အထက ၂ ကျောင်းက ငါးဘာသာ ဂုဏ်ထူးရှင်တွေပဲရှိခဲ့ပါတယ်။ မြန်မာစာမှာ ဂုဏ်ထူးမပါကြတာကို တွေ့ရပါတယ်။ ဆရာ ဆရာမတွေ ပြောတာကတော့ မြန်မာစာမှာ ဂုဏ်ထူးပါဖို့ အတွက်ဆိုရင် စာစီစာကုံးဟာ အဓိကကျတယ်လို့ပြောပါတယ်။ ဒီလိုမျိုးဆုရရှိတဲ့အတွက် တက္ကသိုလ် ၀င်တန်းကို ဖြေဆိုတဲ့အခါမှာ များစွာအထောက်အကူပြုလိမ့်မယ်လို့ ယုံကြည်ပါတယ်။ စာမေးပွဲမှာ ဘာသာစုံ ဂုဏ်ထူးထွက်အောင် ကြိုးစားချင်စိတ်တွေ ဖြစ်ပေါ်လာပါတယ်”ဟု သူမက ကျေးဇူးတင်စကားပြောကြားရာတွင် ထည့်သွင်း ပြောကြားသည်။
မြန်မာစာ စာစီစာကုံးနှင့် အင်္ဂလိပ်စာ Letter & Essay ပြိုင်ပွဲကျင်းပရခြင်းမှာ တက္ကသိုလ်ဝင်တန်းဖြေဆိုသူ ကျောင်းသားများအတွက် အထောက်အကူပြုရန် ရည်ရွယ်ကြောင်း၊ အထူးသဖြင့် ထူးချွန်ကျောင်းသားများ အနေဖြင့် မြန်မာစာတွင် ဂုဏ်ထူးပါရန် ရည်ရွယ်ပါကြောင်း ပုဂ္ဂလိက ဆရာများအသင်း (စစ်တွေ) ဥက္ကဌ ဦးမြင့်သောင်းက ပြောသည်။
ဂြစ်ဘက်ကျောင်းဆရာတော် ကလည်း ပညာ သမာ အာဘာ နတ္ထိ ဆိုသော ပါဠိစကားလုံးများ ကျောင်းသုံးစာအုပ်တွင် ပါရှိသည်ကို ကျောင်းသူကျောင်းသားများ သတိ ထားမိကြလိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ နေရောင် လရောင် နှင့် မီးရောင်များမှာ သဘာဝ အမှောင်ထုကိုသာ ထိုးဖေါက်နိုင်ကြောင်း၊ ပညာနှင့် တူသော အလင်းရောင်မှာ ယခု လောကတွင် မရှိကြောင်း၊ ပညာ အလင်းရောင်သာ အမြတ်ဆုံး အလင်းရောင်ဖြစ်တယ်ကြောင်း သြ၀ါဒစကား မိန့်ကြားသည်။
အခမ်းအနားကို မွန်းလွဲ ၂ နာရီခွဲခန့်တွင် စတင်ပြီး ညနေ ၄ နာရီကျော်တွင် ပြီးဆုံးခဲ့သည်။ အခမ်းအနားသို့ စစ်တွေမြို့ပေါ်ရှိ ပုဂ္ဂလိကကျောင်းမှ ဆရာဆရာမများနှင့် ကျောင်းသားမိဘ အပါအ၀င် လူပေါင်း ၅၀ ကျော်ခန့် တက်ရောက်ခဲ့သည်။
ယခု မြန်မာစာ စာစီစာကုံးနှင့် အင်္ဂလိပ်စာ Letter & Essay ပြိုင်ပွဲတွင် ဆုများအားလုံးနီးပါးကို စစ်တွေမြို့ အထက ၂ ကျောင်းမှ ရရှိသွားကြောင်း သိရသည်။

No comments:
Post a Comment