Saturday, December 13, 2014

mykyat မိုဘိုင်း ငွေကြေးဝန်ဆောင်မှုကို ၂၀၁၅ နှစ်ဆန်းပိုင်းအတွင်း စတင် အသုံးပြုနိုင်မည်

စ, ချိုကို

mykyat မိုဘိုင်းငွေကြေး ဝန်ဆောင်မှုကို ၂၀၁၅ နှစ်ဆန်းပိုင်းမှ စတင်၍ ရန်ကုန်မြို့ အနှံ့ဝန်ဆောင်မှု ပေးသွားမည်ဟု mykyat မိုဘိုင်းငွေကြေးကို ဝန်ဆောင်မှုပေးမည့် Frontier Technolog Partners မှ အမှုဆောင် အရာရှိချုပ် Mr.TimScheffmannပာသည်။

ဒီဇင်ဘာ ၈ ရက်က ရန်ကုန်မြို့ရှိ mykyat ကိုယ်စားလှယ်ဆိုင် နှစ်ဆိုင်တွင် မိုဘိုင်းငွေကြေး ဝန်ဆောင်မှု စတင်စမ်းသပ်အသုံးပြုခဲ့ပြီး ၂၀၁၅ ဇန်နဝါရီနှင့် ဖော်ဖော်ဝါရီလအတွင်း ရန်ကုန်မြို့အနှံ့ ဝန်ဆောင်မှု စတင်အသုံးပြုနိုင်မည်ဟု ၎င်းက ပြောကြားခဲ့သည်။

mykyat မိုဘိုင်းငွေကြေး ဝန်ဆောင်မှုအတွက် နည်းပညာနှင့် ဝန်ဆောင်မှုထောက်ပံ့မှုတွင် Frontier Technology Partners မှ တာဝန်ယူထားပြီး အခြားငွေကြေး အဖွဲ့အစည်းများ၊ ပထမ ပုဂ္ဂလိကဘဏ်တို့နှင့်လည်း ပူးပေါင်းလုပ်ဆောင်ခြင်း ဖြစ်သည်။

Mr.TimScheffmann “ဒီဝန်ဆောင်မှုအတွက် ကိုယ်စားလှယ်တွေကိုလည်း ဖိတ်ခေါ်ထားတယ်။ အချို့ကိုယ်စားလှယ်တွေကိုလည်း စိစစ် ရွေးချယ်ပြီးပြီ။ အရင်ဆုံးတော့ ရန်ကုန်မြို့အနှံ့မှာ ဝန်ဆောင်မှုပေးမှာဖြစ်ပြီး နောက်ပိုင်းမှာတခြားမြို့အပြင် တစ်နိုင်ငံလုံးအနေအထား သုံးနိုင်အောင် လုပ်သွားမယ်” ဟု ပြောသည်။

mykyat ငွေကြေးဝန်ဆောင်မှုတွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ မိုဘိုင်းဖုန်းများသာ အသုံးပြုနိုင်မည်ဖြစ်ပြီး နည်ပညာပိုင်းတွင် ဂျာမန် ဆော့ဖ်ဝဲနည်းပညာကို အသုံးပြုထားသည် ဟုဆိုသည်။ ထို့ပြင် မိုဘိုင်းဖုန်းပေါ်မှ တဆင့် အင်တာနက်နှင့် အသုံးပြုနိုင်သော Mobile app နှင့် အသုံးပြုခြင်း အပြင် အင်တာနက်ရရှိရန် မလိုသည့် USSD ကုဒ်နံပါတ်များဖြင့်လည်း အသုံးပြုနိုင်မည်ဖြစ်သည်။

ကမ္ဘာအေးလမ်းမတွင် ဖွင့်လှစ်ထားသည့် mykyat ကိုယ်စားလှယ်ဆိုင်မှ တာဝန်ရှိသူတစ်ဦးက“ mykyat ဝန်ဆောင်မှုကို အသုံးပြုချင်ရင် အခု register ပြုလုပ်ထားလို့ရပြီ။ အပလီကေးရှင်းကိုလည်း google play မှာ ဒေါင်းလုဒ်ဆွဲပြီး ယူနိုင်တယ်။ ငွေလွှဲတဲ့ အခါမှာ လည်း ငွေလက်ခံတဲ့ ဖုန်းက Register မလုပ်ထားလဲ ငွေလွှဲပို့နိုင်တယ်။ Register မလုပ်တဲ့သူ အချင်းချင်းလည်း ကိုယ်စားလှယ်ကတဆင့် ကိုယ့်ရဲ့ ဖုန်းနံ့ပါတ်နဲ့ ငွေလွှဲပို့နိုင်အောင် လုပ်ထားပါတယ်” ဟုပြောသည်။

ယင်းအပြင် မိမိမိုဘိုင်းဖုန်းနံပါတ်ဖြင့် ဖွင့်လှစ်ထားသည့် အကောင့်မှ ငွေကြေးများကို အခြားဈေး ဝယ်စင်တာများတွင် ပစ္စည်းဝယ်ယူသည့် အခါ ငွေပေးချေအသုံးပြုနိုင်ရန် ချိတ်ဆက်မှုများ ပြုလုပ်သွားမည်ဟု ဆိုသည်။ မိုဘိုင်းဖုန်းဖြင့် ငွေလွှဲပို့သည့်အခါ တစ်ကြိမ်လျှင် ငွေကျပ် ငါးသိန်း အထိသာ အများဆုံးငွေလွှဲပို့နိုင်ပြီး တစ်ရက်လျှင် ၁၀ သိန်းကျပ်အထိသာ ငွေထုတ်ယူနိုင်မည်ဖြစ်သည်။ mykyat ငွေကြေးစနစ်ကို အခြားနိုင်ငံတကာ ငွေကြေးဝန်ဆောင်မှု ငွေပေးချေမှု အဖွဲ့အစည်းများ၊ ပြည်တွင်းငွေကြေး ဝန်ဆောင်မှုလုပ်ငန်း၊ နိုင်ငံတကာ ငွေပေးချေမှု ကတ်များဖြင့်ပါ ချိတ်ဆက်သွားရန် လုပ်ဆောင်နေသည်ဟု Mr.TimScheffmann ပြောသည်။

၎င်းက “ပြည်တွင်းမှာလည်း Mobile Money၊ Mobile Banking ၀န်ဆောင်မှုတွေကို အခြားဘဏ်နဲ့ အဖွဲ့အစည်းတွေလည်း ဝန်ဆောင်မှု ပေးနေကြပါတယ်။ မိုဘိုင်းငွေကြေး ဝန်ဆောင်မှုအတွက် ဒီအဖွဲ့အစည်း အားလုံးအချင်းချင်း ချိတ်ဆက်လုပ်ကိုင်သွားနိုင်ရင် အသုံးပြုရသူတွေအတွက် အဆင်ပြေပြီး ဒီလုပ်ငန်းလည်း တိုးတက်လာမှာပါ” ဟု သုံးသပ်ပြောကြားထားသည်။

Mobile Banking နှင့် Mobile Money ဝန်ဆောင်မှုများ သမဝါယမဘဏ်နှင့် အင်းဝဘဏ်တို့က ဝန်ဆောင်မှုပေးနေပြီး ရိုးမဘဏ်ကလည်း တယ်လီနောနှင့် ပူးပေါင်းကာ မိုဘိုင်းဘဏ်လုပ်ငန်းများ လုပ်ကိုင်သွားမည်ဟု ဆိုထားသည်။

No comments: