Monday, December 22, 2014

လိုင်ဇာပစ်ခတ်မှုဖြေရှင်းပေးဖို့ UPWC ထံ NCCT တောင်းဆိုမည်

သျှမ်းသံတော်ဆင့်

ရန်ကုန်မြို့ မြန်မာ့ ငြိမ်းချမ်းရေး စင်တာမှာ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ပူးပေါင်း ဆောင်ရွက် ရေး အဖွဲ့ NCCT နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်း ကော်မတီ UPWC တို့ လာမည့် ဒီဇင်ဘာ ၂၃ ရက်နေ့မှာ တွေ့ဆုံ မည်ဟု ဆိုသော်လည်း တတိုင်း ပြည်လုံး အပစ်ရပ် ဖို့အဓိက ဆွေးနွေးမည် မဟုတ်ဟု အမည် မဖေါ် လိုသည့် NCCT သတင်း ရပ်ကွက် ပြောသည်။

``ကျနော်တို့တောင်းဆိုထားတာ ၅ ချက်ရှိတယ်။ အဲဒီ ၅ ချက်ကို ပြန်ကြည့်မယ်ဆိုရင် လိုင်ဇာ အရေးနဲ့ပတ်သက်တဲ့ဟာကြီး သုံးချက်ရှိတယ်။ အပစ်ရပ်ရေးထက် ဖြစ်နေတဲ့အရေးတွေ ဘယ် လိုဖြေရှင်းမယ်ဆိုတာ အဓိကဘဲ၊ ဒီခရစ္စမတ်မတိုင်ခင်ဆွေးနွေးပွဲက´´ - ဟု အမည်မဖေါ်လိုသူ NCCT အဖွဲ့ဝင်တဦး ပုဂ္ဂိုလ်တဦးကပြောသည်။

လိုင်ဇာ ပစ်ခတ်မှုဖြေရှင်းပေးဖို့၊ ထိုကဲ့သို့ဖြစ်ရပ်မျိုး ထပ်မဖြစ်ဖို့၊ အစိုးရနှင့် သွားရောက်တွေ့ ဆုံသည့် NCCT ကိုယ်စားလှယ်များ၏ လုံခြုံရေးအတွက် ပိုမိုလုံခြုံ စိတ်ချမှုရှိဖို့၊ တွေ့ဆုံ ဆွေး နွေးလျှင် တရုတ် နှင့် ယူအဲန်အပြင် အနောက် အုပ်စုကိုယ်စားလှယ်တွေပါဝင်ဖို့… စသည့် အချက် ၅ ချက်အား NCCT မှ တင်ပြတောင်းဆိုထား သည်အပေါ် နေပြည်တော် သဘောသိစေဖို့ ပါဝင်သည်ဟု ဆိုသည်။

``ကျနော်တို့ပြင်ဆင်ထားတာကတော့ ခရစ္စမတ်မတိုင်ခင်တွေ့ဆုံမယ်။ အဆင်ပြေ ပါတယ်။ NCA (တပြည်လုံးအပစ်အခတ်ရပ်စဲဖို့) ကိစ္စ အဓိကထား ဆွေးနွေးမယ်၊ တခြားကိစ္စ တွေလဲ ဆွေးနွေးမယ်´´ ဟု မြန်မာ့ငြိမ်းချမ်းရေးစင်တာက ဦးလှမောင်ရွှေကပြောသည်။

ပည်ထောင်စုငြိမ်းချမ်းရေးဖေါ်ဆောင်ရေးလုပ်ငန်းကော်မတီ UPWC နှင့် တွေ့ဆုံရန် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ NCCT မှ ကိုယ်စားလှယ် စောကွယ်ထူးဝင်း၊ ခွန်ဥက္ကာ၊ Dr. ဆလိုင်းလျံမုန်း ဆာခေါင်း ၊ ဦးထွန်းဇော် နှင့် ခူးသောရယ် တို့အား စာရင်းပေးပို့ ထားသည်ဟုလည်းသိရပါသည်။

၂၀၁၄ နိုဝင်ဘာ ၁၉ ရက်နေ့က ကချင်လွတ်လပ်ရေးတပ်မတော် ဌာနချုပ် လိုင်ဇာမြို့ရှိ ဗိုလ်သင် တန်း ကျောင်းအား အစိုးရတပ်မတော်က လက်နက်ကြီးဖြင့်ပစ်ခတ်ရာ ဗိုလ်လောင်း ၂၃ ဦး သေ ဆုံးခဲ့ သည်။ ထို့ကြောင့် ပြီးခဲ့သည့်တွေ့ဆုံဆွေးနွေးများတွင် တပ်မတော်ဘက် သဘော ထား တင်းမာနေမှု၊ လိုင်ဇာပစ်ခတ်မှုတို့သည် တတိုင်းပြည်လုံး အပစ်အခတ် ရပ်စဲရေးအတွက် အဟန့်အတားဖြစ်စေသည်ဟု တိုင်းရင်းသား ခေါင်းဆောင်များက သုံးသပ်သည်။

No comments: