Monday, February 23, 2009

နိုင်ငံခြားရောက် စက်မှု (၁) ၀န်ထမ်းပြေးများနိုင်ငံကူးလက်မှတ် အဖျက်ခံရ

NEJ / ၂၃ ဖေဖော်ဝါရီ ၂၀၀၉

အင်ဂျင်နီယာ ဘီအီးဘွဲ့ရသူများအပါအ၀င် စက်မှု (၁) ၀န်ကြီးဌာနမှ ၀န်ထမ်းပြေးအဖြစ် သတ်မှတ်ထားပြီး ပြည်ပနိုင်ငံများတွင် သွာရောက် အလုပ်လုပ်ကိုင်နေသူများအား ပြည်ထဲရေးဝန်ကြီးဌာနနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့နှင့် ညှိနှိုင်းပြီး အမြန်ဆုံး အရေးယူရန် ၀န်ကြီး ဦးအောင်သောင်းက ညွှန်ကြားချက် ထုတ်ပြန်ထားသည်။

ပြည်ပတွင် သွားရောက် အလုပ်လုပ်ကိုင်နေသည့် စက်မှု (၁) ၀န်ထမ်းများအား ချက်ခြင်း အရေးယူဆောင်ရွက်ရန်နှင့် ၄င်းတို့အား ထုတ်ပေးသည့် နိုင်ငံကူးလက်မှတ်နေ့စွဲ၊ ၀န်ထမ်းပြေးဖြစ်ရသည့် ပြစ်ဒဏ်များကို စုံစမ်းဖော်ထုတ်၍ ပြည်ထဲရေးဝန်ကြီးဌာနနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့နှင့် ညှိနှိုင်းပြီး အမြန်ဆုံး အရေးယူရန် ၀န်ကြီးဦးအောင်သောင်းက ညွှန်ကြားထားခြင်းဖြစ်ကြောင်း နေပြည်တော် စက်မှု (၁) ၀န်ကြီးဌာန သတင်းရပ်ကွက်က ပြောသည်။

“စက်မှု (၁) ၀န်ထမ်းများကို ခံစားခွင့်မယူဘဲ အလုပ်ကနေ နှုတ်ထွက်ခွင့်မပေးဘူး။ နှုတ်ထွက်ချင်တယ်ဆိုရင် လျော်ကြေးငွေ သိန်း (၄၀-၅၀) ထိ ပေးရမယ်ဆိုပြီး ညစ်ထားတယ်ဗျာ။ နောက် ၀န်ကြီးဦးအောင်သောင်းရဲ့ တင်းကြပ်တဲ့ စည်းမျဉ်းတွေကြောင့် အင်ဂျင်နီယာ ဘီအီးဘွဲ့ရ အရာရှိတွေ ၀န်ထမ်းပြေးအဖြစ်ခံပြီး အလုပ်ခွင်ကို ပြန်မလာတာ ပါဘဲ။ ဒါကြောင့် ဒီကြေငြာချက်ထုတ်ပြီး ၀န်ကြီးဦးအောင်သောင်းက ဒုက္ခပေးဖို့ ကြံစည်တယ်လို့ပဲ မြင်ကြတယ်” ဟု အမည်မဖော်လိုသည့် စက်မှု (၁) ၀န်ထမ်းတဦးက ပြောသည်။

စက်မှု (၁) ၀န်ကြီးဌာန လက်အောက်ခံ ကျောက်ဆည် အပ်ချုပ်စက်ရုံမှ မဟာအင်ဂျင်နီယာဘွဲ့ရ ဦးရဲထွန်းဆိုလျင် ၀န်ထမ်းဘ၀မှ ထွက်ခွင့်မရသည့်အတွက် အလုပ်ခွင်သို့ ပြန်မလာတော့ဘဲ စင်ကာပူနိုင်ငံသို့ ထွက်ခွာသွားသဖြင့် ဦးရဲထွန်း၏ နိုင်ငံကူးလက်မှတ်ကို ပယ်ဖျက်ပေးရန် စင်ကာပူ မြန်မာသံရုံးသို့ ၀န်ကြီးဦးအောင်သောင်းက အကြောင်းကြားခဲ့သလို လိုအပ်သလို အရေးယူပေးရန် ပြည်ထဲရေးဝန်ကြီးဌာနကိုပါ စာဖြင့် အကြောင်းကြားခဲ့သည်ဟု စုံစမ်းသိရသည်။

အလားတူပင် မကွေး ဆေးတက္ကသိုလ်မှ လက်ထောက်ကထိကတဦးနှင့် မန္တလေး ဆေးတက္ကသိုလ်မှ သရုပ်ပြဆရာ ဆရာဝန် (၇) ဦးတို့အား တာဝန်မှ စွန့်ခွာခြင်း၊ ၀န်ထမ်းစည်းမျဉ်းဖောက်ဖျက်ခြင်း ဆိုသည့် စွပ်စွဲချက်များဖြင့် ၀န်ထမ်းအဖြစ်မှ ထုတ်ပယ်လိုက်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ၂၀၀၉ နှစ်ဆန်းပိုင်းတွင် အမိန့်ထုတ်ပြန်ခဲ့သည်။

ခေတ်ပြိုင်မှ ဖတ်ရှုခွင့်ရသည့် အဆိုပါအမိန့်ကို ၂၀၀၈ ခုနှစ်၊ နိုဝင်ဘာ (၂၆) ရက် နေ့စွဲဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ကျန်းမာရေးဝန်ကြီးကိုယ်စား ဆေးသိပ္ပံပညာဦးစီးဌာန ဒု- ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာသန်းဇော်မြင့်က လက်မှတ်ထိုး ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့် ၂၀၀၈ ခုနှစ် သြဂုတ်လအတွင်း သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက အလုပ်မှ ထွက်ခွာသွားသော ပါရဂူဘွဲ့ရ ဆရာ၊ ဆရာမ (၂၃) ဦးအား ၎င်းတို့ပိုင် ၀က်ဘ်ဆိုက်မှ ထုတ်ပြန်ကာ လျော်ကြေး ငွေတောင်းခံခဲ့ကြောင်း ခေတ်ပြိုင်က ဖော်ပြခဲ့သည်။ လျော်ကြေးငွေ တောင်းခံမှုတွင် သက်ဆိုင်ရာဘွဲ့များအလိုက် မြန်မာငွေ (၅) သိန်းမှ (၃၄) သိန်းအထိ ပါဝင်သည်။

No comments: