Wednesday, February 18, 2009

လက်တွေ့ဦးရွှေအုံး၏ လက်တွေ့နိုင်ငံရေး

တူမောင်ညို

မတတ်နိုင်တော့ပါ၊
ယင်းကဲ့သို့ပင် ခေါင်းစဉ်တတ်လိုက်ရပါတော့သည်။
ကျနော်တို့ မြန်မာပြည်နိုင်ငံရေးလောကထဲမှ အလွန်လက်တွေ့ကျသောတုန့်ပြန်မှု တစ်ခုအဖြစ် မှတ်ယူ ရပါတော့မည်။
အင်မတန်ပြတ်သားလှပါသည်၊
“ငရဲပြည်မှာရောက်နေရင် ငရဲပြည်လိုပဲ ကျင့်ကြံရမှာပဲ” ဆိုပါသည်။
“ဒယ်အိုးထဲတွင်ပူ၍ မီးပုံထဲသို့ခုန်ချခြင်း” အဖြစ်မျိုးသာမဖြစ်ပါစေနဲ့လို့ ဦးရွှေအုံးအတွက် ဆုတောင်းပေး ရပါတော့မည်။
“မနိုင်ရင် သူ့အောက်လျှိုဝင်လိုက်” ဆိုသူများနှင့် “နိုင်ငံရေးဆိုတာ (Static) မဟုတ် (Dynamic) ” ဟု ပြောဆို နေသူများအတွက်လည်း မှီငြမ်းကိုးကားစရာတစ်ခုဖြစ်နေလေမလား မပြောတတ်ပါ။
လက်တွေ့ကျသော ဦးရွှေအုံး၏ လက်တွေ့များကို လက်လှမ်းမီသ၍ ကောက်နှုတ်ဖေါ်ပြလိုက်ပါသည်။

အဲဒါကိုကျနော်အစကတည်းကပြောတယ်၊ မကြိုက်ဘူး၊မထောက်ခံဘူး၊ ဒါပေမယ့်မလွှဲသာမရှောင်သာ လက်ခံတယ်၊ ထောက်ခံတာနဲ့ လက်ခံတာ တခြားစီပဲလေ၊ နောက်ဆုံးရွေးကောက်ပွဲ၊ ဆန္ဒခံယူပွဲ ကျနော်တို့ မထောက်ခံဘူးလို့ ကျနော်တို့အော်နေတာပဲ၊ ဒါပေမယ့်ပြီးသွားပြီ၊ ပြီးသွားပုံပြီးသွားနည်းကို ကြိုက်လည်း မကြိုက် ဘူး၊ ဒါပေမယ့်အဲဒါကိုဖျက်ဖို့ ကျနော်တို့အင်အားမရှိဘူး”
“နိုင်ငံရေးမှာ ဖြစ်ပြီးတဲ့ ကိစ္စတစ်ခုကို ကျနော်တို့ကြိုက်တာ မကြိုက်တာဘာမှမဆိုင်ဘူး၊ မကြိုက်ရင် လည်း ဖျက်လို့မရရင် ကျနော်တို့ ဒီအတိုင်းပဲ လက်ခံရမှာပေါ့၊ ဒါနိုင်ငံရေးမှာတော့ လက်တွေ့နိုင်ငံရေးခေါ်တာပေါ့၊ ကိုယ်ဖြစ်ချင်တာ၊ ကောင်းတာ၊ သိပ်ပြီးတော့အကျိုးရှိတာ အဲဒါတွေစိတ်ကူးယဉ်နေလို့ မရဘူးလေ၊ အခုလက်ရှိ ဘာဖြစ်နေသလဲ၊ ဖြစ်နေတဲ့ဟာကို ဖြစ်နေတဲ့အခြေအနေအပေါ်မှာမူတည်ပြီးလုပ်တာ

အဲဒါမှလက်တွေ့နိုင်ငံရေး ”
“အဲဒီလိုမှမဟုတ်ဘဲ ကိုယ့်ရည်မှန်းချက်ကြီးက နိဗ္ဗာန်သွားဖို့ဆိုပြီးပြောနေပြီးတော့ လောလောဆယ် ရောက်နေတာက ငရဲပြည်မှာရောက်နေတာ၊ ငရဲပြည်မှာရောက်နေရင် ငရဲပြည်လိုပဲကျင့်ကြံရမှာပဲ၊ နိဗ္ဗာန် ရောက် အောင်တော့ သွားတော့သွားမှာပေါ့၊ နိဗ္ဗာန်မရောက်သေးဘဲနဲ့ငရဲပြည်မှာ နိဗ္ဗာန်လိုကျင့်နေမယ်ရင် တလွဲစီဖြစ် နေမှာပေါ့ ၊ ဒါ လက်တွေ့နိုင်ငံရေးမှ မဟုတ်တော့တာ” (၂၀၀၉ ဇန်နဝါရီ ၃၁၊ (ဒီဗွီဘီ) သတင်းဌာနသို့ပြောကြားချက်မှ) (ပြည်ထောင်စုဒီမိုကရေစီအဖွဲ့ချုပ် အမည်ဖြင့် ၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ဇန်နဝါရီလ ၂၆ ရက်နေ့ စွဲဖြင့် (နအဖ)ဥက္ကဌ၊ ပြည်ထဲရေး နဲ့ ၁၉၉၀ ရွေးကောက်ပွဲလက်ကျန် ရွေးကောက်ပွဲကော်မရှင်တွေထံ တရားဝင်စာရေး အကြောင်းကြားထားပြီးဖြစ်ကြောင်း)

“မေလ (၁၀) ရက်နေ့ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲသည် ကျွန်ုပ်တို့အတွက် နောက်ဆုံး ထွက်ပေါက် ဖြစ်သည်။ ထိုထွက်ပေါက်မှ နောက်ဆုံး မထွက်နိုင်ကြလျှင် ကျွန်ုပ်တို့ကံကြမ္မာသည် ပြန်လမ်းရှိတော့မည်မဟုတ်၊ ထို့ကြောင့် ဆန္ဒမဲပေးခြင်းကို မိမိနှင့်မဆိုင်သလို လျစ်လျူမရှုပါနှင့်။ သေရေးရှင်ရေးတမျှ အရေးကြီးသည်ကို သဘောပေါက်ကြပါ။ မဲရုံကိုသပိတ်မှောက်ကြခြင်းသည်ထိရောက်မှုမရှိနိုင်။ ထွက်ပေါက်အတွက်ရရှိ ထားပါလျက် သော့ကိုမသုံးတတ်သူဖြစ်သွားပါလိမ့်မည်။ မဲရုံသို့သွားကြပါ။ ကန့်ကွက်မဲဆက်ဆက်ပေးခြင်းဖြင့်မိမိတို့၏ အသက် ကို မိမိကိုယ်တိုင်ကယ်ကြပါ” (ဦးရွှေအုံး၊ ရှမ်းဝါရင့်နိုင်ငံရေးသမားကြီး၏ ၂၀၀၈ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့ပန်ကြားချက်မှ )

“ယခင်ချမှတ်ပြီးသော အခြေခံမူ (၁၀၄) ချက်သည် ပန္နက်ရိုက်ခြင်း၊ အိမ်မကြီးကိုဆောက်ခြင်း၊ အခန်း ဖွဲ့ခြင်းစသော အဓိကပင်မလုပ်ငန်းဖြစ်ပါသည်၊ ယခုဆက်လက်ကျင်းပနေသည်မှာ ပြူတင်းတံခါး တပ်ဆင်ခြင်း၊ ရေသွယ်ခြင်း၊ မီးဆင်ခြင်းစသော သာမန်လုပ်ငန်းမျှသာဖြစ်ပါသည်၊ ဤပုံစံအတိုင်းဆက် သွားခဲ့လျှင် (ဆက်သွား ရန်လည်းအလားအလာရှိရာ) ကျွန်တော်တို့နိုင်ငံသားများသည် နှစ် (၄၀) ကျော် ယာယီစစ်အစိုးရလက်အောက်မှ လွတ်မြောက်ပြီး၊ နောက်ထပ်နှစ်ပေါင်း (၄၀၀) မျှ အမြဲတန်းစစ်အစိုးရ လက်အောက်တွင် ခံကြရဦးမည်ဟု သာမြင်မိပါသည်၊ အင်္ဂလိပ်ဥပမာလို ဒယ်အိုးထဲတွင်ပူ၍ မီးပုံထဲသို့ခုန်ချခြင်း ဟုခံစားမိပါသည်။ ကျွန်တော်တို့ ဗမာတွေ စာမရီမျိုး မှ စာကလေးမျိုး ရောက်မှန်းမသိ ရောက်နေပါပြီ၊ ဒို့ဗမာသီချင်းထဲကလို ဒို့ခေတ်တွင်မှ ညံ့ကြ တော့မှာလား ဟုညည်းညူရပါတော့မည်” (ဦးရွှေအုံး၏ ၂၀၀၆ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်၊ “အမျိုးသားညီလာခံနှင့် ငြိမ်းချမ်းရေးအဖွဲ့များ ဆက်သွယ်မှုသမိုင်းအကျဉ်း” ဟူသော ရေးသားချက်မှ)

ဦးရွှေအုံး၏လက်တွေ့များကို ၂၀၀၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁) ရက်နေ့ က ထုတ်ပြန်ခဲ့သော “ မြန်မာ့ အရေးနှင့်စပ်လျဉ်း၍ ဝါရင့်နိုင်ငံရေးလုပ်ဖေါ်ကိုင်ဖက်များ၏ရပ်တည်ချက်သဘောထား” ကြေညာချက်မှအောက်ပါ အချက်ဖြင့် နိဂုံးချုပ်ပေးလိုက်ပါသည်။

“မိမိတို့ကိုယ်တိုင်(နဝတ-နအဖ) လွတ်လပ်၍တရားမျှတစွာ ကျင်းပပေးခဲ့သော ရွေးကောက်ပွဲရလဒ် (၁၉၉၀) အကောင်အထည်ဖေါ်မပေးဘဲ၊ နောက်ထပ်ရွေးကောက်ပွဲ(၂၀၁၀) တစ်ရပ် ကျင်းပခြင်းသည် ဒီမိုကရေစီ အစဉ်အလာကောင်းတစ်ရပ် မဖြစ်နိုင်သဖြင့် ရပ်ဆိုင်းပေးရန်”

No comments: