Monday, February 23, 2009

တရုတ်လုပ်စက်များကြောင့် CNG ဓါတ်ငွေ့ဖြင့်မောင်းနှင်သည့် တက္ကစီသမားများ ဒုက္ခတွေ့

ဗထူး Monday, 23 February 2009

CNG ဓါတ်ငွေ့ဆိုင်များတွင် တပ်ဆင်ထားသည့် တရုတ်နိုင်ငံလုပ် စက်များကြောင့် ဓါတ်ငွေ့ဖြည့်ရန် နေ့တဝက်ခန့် တန်းစီစောင့်ဆိုင်း နေရသဖြင့် တက္ကစီမောင်းနှင်သူများ အခက်အခဲများစွာနှင့် ကြုံတွေ့နေရသည်။

စစ်အစိုးရ၏ CNG ဓါတ်ငွေ့ဆိုင်များတွင် အသုံးပြုထားသည့် တရုတ်နိုင်ငံလုပ် ဓါတ်ငွေ့ဖြည့်ကရိယာများ မကြာခဏ စက်ချို့ယွင်းမှုများ ဖြစ်သောကြောင့် တက္ကစီမောင်းနှင်သူများမှာ နေ့တဝက်ခန့် တန်းစီစောင့်ဆိုင်းနေရခြင်းကြောင့် ကားပိုင်ရှင်များအား နေ့တွက်ခမပေး နိုင်ကြသည့် ပြဿနာနှင့် ကြုံတွေ့နေရခြင်းဖြစ်သည်။

“ဒီလ (၂၀) ရက်နေ့က မင်္ဂလာတောင်ညွန့် ကြက်ဘဲဈေးနားက CNG ဆိုင်မှာ Pump ပျက်လို့ဆိုပြီး နေ့လည် (၂) နာရီကနေ တန်းစီတာ ညနေ (၆) နာရီခွဲမှ ဆိုင်ကပြန်ထွက်ရတယ်၊ Owner ခတောင် မနည်းပြည့်အောင် ဖုတ်ပူမီးတိုက် ရှာရတယ်” ဟု တက္ကစီမောင်း သူတဦး က ပြောသည်။

အဆိုပါနေ့က ဓါတ်ငွေ့ဖြည့်ရန် စောင့်ဆိုင်းနေသည့် ကားတန်းမှာ မင်္ဂလာတောင်ညွန့်မှ စက်ဆန်း(သစ်လုံးကွင်း)ကျော်ထိ ရှည်လျှားပြီး ဓါတ်ငွေ့ဆိုင်များက Pump ပျက်၍့၊ မီးမလာ၍ ဆိုကာ အကြောင်းအမျိုးမျိုးပြသဖြင့် တက္ကစီဆွဲသူများအကြား မကျေနပ်မှုများ ကြီးမား နေသည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

CNG ဆိုင်တဆိုင်မှာ အကျယ်အားဖြင့် ကားအစီး ၄၀ ခန့်ဆန့်ပြီး ဆိုင်တွင် Pump နှစ်ခုထားရှိကာ ဓါတ်ငွေ့ ဖြည့်ပိုက် ၄ ခု တပ်ဆင်ထား ကြောင်း သိရသည်။

“ကျနော်တို့ ကားသမားတွေအခေါ်ကတော့ လေးပေါက်ပေါ့ဗျာ၊ Pump နှစ်ခုရှိတာ တခုပျက်တယ်ဆိုတော့ မနက် (၆) နာရီကနေ ည(၆) နာရီထိပဲ တက္ကစီဆွဲစားနေရတာ ဘယ်လိုလုပ် စီးပွားရှာရတော့မလဲ၊ တရုတ်ကလုပ်တဲ့ စက်အစုပ်တွေပဲသုံးနေတော့ ဒုက္ခရောက်ကြရ တာပဲ” ဟု အဆိုပါတက္ကစီမောင်းသမားက ပြောသည်။

စစ်အစိုးရက တက္ကစီကားများနှင့် လိုင်းကားများအား CNG သဘာဝဓါတ်ငွေ့ ပြောင်းလဲအသုံးပြုရန် အမိန့်ထုတ်ပြန်ခဲ့ပြီးနောက် ရန်ကုန်နှင့် အခြားမြို့ကြီးများမှ ကားများမှာ CNG ဓါတ်ငွေ့သုံးစနစ်ကို ပြောင်းလဲခဲ့ကြသည်။

“ဓါတ်ငွေ့စပေါ်တုန်းကတော့ လူတွေက ကိုက်တယ်ဆိုပြီး ပြောင်းသုံးကြတာ၊ (၇၀၀၀) အိုးတအိုးကိုမှ ၇၀၀ ကျပ်၊ အခု တအိုးကို ၂၅၀၀ ကျပ်ဖြစ်သွားပြီ၊ CNG ပြောင်းလဲသုံးရော ဈေးက တက်တယ်၊ ဒီကြားထဲ တက္ကစီကားတိုင်း မီတာ အတင်းအကျပ်တပ်ခိုင်းတယ်၊ ဒီမီတာဆိုတာကလည်း တက္ကစီကားသမားတွေအတွက် မကိုက်ဘူး၊ နားလည်မှုနဲ့ ညှိယူနေရတယ်” ဟု တက္ကစီကားသမားနောက်တဦးက ပြောသည်။

စစ်အစိုးရအနေဖြင့် ကမ်းလွန်သဘာဝဓါတ်ငွေ့ မြောက်များစွာကို အခြားနိုင်ငံများသို့ နှစ်စဉ်တင်ပို့မှုကြောင့် ဝင်ငွေမြောက်များ စွာရရှိနေ သော်လည်း နိုင်ငံအတွင်း ဓါတ်ငွေ့ပြန်လည်ဖြန့်ဖြူးမှုမှာ လွန်စွာနည်းပါးနေသေးသည်။

“ဘီလီယံနဲ့ချီပြီး ဝင်ငွေတွေရနေတာတောင် ဓါတ်ငွေ့ဆိုင်ပြန်ဆောက်တော့ တရုတ်လုပ်စက်အစုပ်တွေကြောင့် ခဏခဏ ပျက်နေရ တာပေါ့၊ တက္ကစီသမားတွေကြားထဲမှာတော့ တရုတ်အားကို ဘာညာပေါ့ဗျာ၊ ပြောနေကြတာ မိုးကိုမွှန်နေတာပဲ” ဟု ပြောဆိုသွားခဲ့သည်။

'The Voice' ဂျာနယ်၏ဖော်ပြချက်အရ ရန်ကုန်မြို့တမြို့တည်းတွင် CNG သဘာဝဓါတ်ငွေ့သုံး အငှားယာဉ် ၁၂,၀၇၂ စီးရှိသည်။ ယခု အခါ ဓါတ်ဆီဈေးနှုန်းမှာလည်း ဒီဇယ်ဆီဈေးနှုန်းထက် ကျပ်ငွေ ၁၄၀၀ ခန့် မြင့်တက်သွား၍ ယခု ဓါတ်ဆီတဂါလံ ကျပ်ငွေ ၃၀၀၀ ဖြစ်ပြီး ဒီဇယ်တဂါလံမှာ ၁၈၀၀ ကျပ်ဖြစ်သည်ဟု အဆိုပါဂျာနယ်တွင် ဖော်ပြထားသည်။

No comments: