Thursday, February 19, 2009

အမည်မသိသေနတ်သမားကို အာဏာပိုင်တို့မှ ရှာဖွေနေဆဲ

လွတ်လပ်သောမွန်သတင်းအေဂျင်စီ

သံဖြူဇရပ်မြို့နယ် ပငကျေးရွာတွင်ကျင်းပသည့် ဘုန်းကြီးပျံပွဲတော်၌် အမည်မသိသေနတ်သမားတစ်ဦးက ရွာသားတစ်ဦးကို ပစ်သတ် လိုက်သည့် အတွက် စစ်ဖက်ဆိုင်ရာလုံခြုံရေးအဖွဲ့နှင့် ဒေသခံအာဏာပိုင်တို့က ၄င်း သေနတ်သမားကို လိုက်လံရှာဖွေနေကြသည်။

၎င်းမြို့နယ်ရှိ မွန်ပြည်သစ်ပါတီတစ်ဦး၏ အဆိုအရ ၄င်းသေနတ်သမားမှာ မည်သူမည် ဝါမသိရှိရသေးပေ။ သေနတ်သမားမှာ သေနတ်ကို လျှို့ ဝှက်ယူဆောင်လာတာ ဖြစ်မည်ဟု ဆိုသည်။

၎င်း၏အဆိုအရ “မွန်ပြည်သစ်ပါတီဝင်တွေဟာ ပြည်တွင်းထဲကိုရောက်ရင် သူတို့ယူလာတဲ့သေနတ်ကို ဆက်ဆံရေးရုံးမှာ ပေးအပ်ထားရတယ်” ဟု ဆိုသည်။

အသတ်ခံရသည့်ရွာသားမှာ မုဒုံမြို့နယ် ဝက်တဲကျေးရွာမှ အသက် ၃၀ အရွယ်ရှိ လူပျိုကြီးဝင်းနိုင် ဖြစ်ပြီး ၄င်းတို့ လူငယ်တစ်စု စုပေါင်း၍ ပငဘုန်းကြီးပျံပွဲတော်သို့ မော်တော်ကားဖြင့် သွားကြပြီး အမည်မသိသေနတ်သမားမှာ ဆိုင်ကယ်ဖြင့် လာသည်ဟု သေဆုံးသူနှင့် နီးစပ်သည့်ဝက်တဲရွာသားတစ်ဦးက ပြောသည်။

၎င်းတို့စီးလာသည့် ဆိုင်ကယ်နှင့် မော်တော်ကား တိုက်မိနီးပါးဖြစ်ရာမှ ဝက်တဲကျေးရွာမှ လူငယ်တစ်စု အကြိမ် ကြိမ် တောင်းပန်းသော်လည်း အဆိုပါသေနတ်သမားက မကျေနပ်ဘဲ ထိုးရာမှ လူငယ်တစ်ဦး ခေါင်းကွဲသွားခဲ့ သည်။ ထိုအချိန်တွင် ဝက်တဲရွာသားများက ၄င်းကို ဝင်ရောက်ထိုးရာတွင် ဆိုင်ကယ်မောင်းသူက သေနတ်ကို ၄င်းဝှက်ထားရာမှ ထုတ်ပြီး ကိုဝင်းနိုင်ကို ပစ်လိုက်သည်။

ထို့နောက် ၄င်းသေနတ်သမားမှာ လူအုပ်ကြီးထဲ၌ ထွက်ပြေးလွတ်မြောက်သွားသည်ဟု ကိုဝင်းနိုင်နှင့်နီးစပ်သူ တစ်ဦးက ပြောသည်။ ထိုသေနတ်ကို အိမ်နီးချင်ထိုင်းနိုင်ငံမှတဆင့် ယူဆောင်လာတာဖြစ်နိုင်ပြီး ၄င်းသေနတ်ကိုင်ဆောင်သူမှာလည်း ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိသူဖြစ်နိုင်သည်ဟု ၄င်းက ဆိုသည်။

လွန်ခဲ့သော ရက်သတ္တပတ်ကျော် ပငကျေးရွာတွင် ကျင်းပသည့် ဘုန်တော်ကြီးပျံ ပွဲတော်နေ့၌ သေနတ်အပစ်ခံရပြီးနောက် ကိုဝင်းနိုင်ကို သံဖြူဇရပ်ဆေးရုံသို့ တင်ဆောင်သွားပြီး ထိုမှတဆင့် ဝက်တဲဆေးရုံသို့ ပြန်လည် ယူဆောင်လာခဲ့ပြီးနောက် သေဆုံးသွားခဲ့သည်။

မွန်ပြည်သစ်ပါတီဝင်ဟောင်းတစ်ဦး၏အဆိုအရ ၂၀၀၂ ခုနှစ်နောက်ပိုင်းတွင် အနင်ကျေးရွာတွင် မွန်တပ်ကြပ် ကြီးတစ်ဦးမှ ကျေးရွာဥက္ကဌအား သေနတ်ဖြင့်ချိန်ရွယ်သည့် အဖြစ်အပျက် ဖြစ်ပွားပြီးနောက်ပိုင်းတွင် ပြည်တွင်း ၌ ဗိုလ်အောက်အဆင့်ရှိ အရာရှိများ လက်နက်ကိုင်ဆောင်ခွင့်မရှိပေ။ လက်နက်ကိုင်ဆောင်သည့် ပါတီဝင်များကိုလည်း ဌာနအကြီးအကဲတို့မှ မှတ်တမ်းတင်ထားရှိသည်။

No comments: