Thursday, February 26, 2009

ယခုနှစ်အတွက် ပထမ 'လေးလပတ် အစည်းအဝေး' ကျင်းပရန် စစ်အစိုးရ ပြင်ဆင်နေ

မုံပီး ကြာသပတေးနေ့၊ ဖေဖေါ်ဝါရီလ 26 2009

နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာစစ်အစိုးရသည် ၂ဝဝ၉ ခုနှစ်အတွက် ပထမဆုံး လေးလပတ်အစည်းအဝေးကို မတ်လ ဒုတိယ အပတ် အတွင်းကျင်းပရန် အစစပြင်ဆင်နေသည်။ ဤအစည်းအဝေးတွင် ၂ဝ၁ဝ ရွေးကောက်ပွဲအတွက် အစီအစဉ် များအပါအဝင် ကိစ္စရပ် အမြောက်အမြားကိုဆွေးနွေးဖွယ်ရှိသည်ဟု စစ်ဘက်သတင်းရပ်ကွက်များကပြောသည်။

ဤအစည်းအဝေးပြီးလျှင် ဗိုလ်ချုပ်ကြီးများသည် ၂ဝ၁ဝ ခုနှစ်အထွေထွေရွေးကောက်ပွဲဥပဒေကို ကြေငြာဖွယ်ရှိသည် ဟုလည်း အဆိုပါ သတင်းရပ်ကွက်ကပြောသည်။

ဤလေးလပတ်အစည်းအဝေးများသည် စစ်တိုင်းမှူးများ၊ တပ်မဟာမှူးများ နှင့်ဝန်ကြီးဌာနများမှ ညွန်ကြားရေးမှူးချုပ် များပါစုံညီစွာ
တက်ရောက်သောအစည်းအဝေးဖြစ်သည်။ ဤအစည်းအဝေးများကို နေပြည်တော်တွင်ကျင်းပလေ့ရှိပြီး တိုင်းပြည်တဝှမ်းမှ စစ်အရာရှိ အမြောက်အများ တက်ရောက်လေ့ရှိသည်။

သို့သော် တရုပ်မြန်မာနယ်စပ်အခြေစိုက် စစ်ရေးလေ့လာသုံးသပ်သူ ဦးအောင်ကျော်ဇောကမူ ဤအစည်းအဝေး၌ ဆွေးနွေးအပြီး တွင် ဗိုလ်ချုပ်ကြီးများက ရွေးကောက်ပွဲဥပဒေကို ကြေငြာရန်ရာခိုင်းနှုံးများသော်လည်း စစ်တပ်ထဲမှ အစိတ်အပိုင်းအချို့၊ အထူးသဖြင့် အသက်ကြီး ပိုင်းက ရွေးကောက်ပွဲဥပဒေကြေငြာခြင်းကို နောက်ထပ်ရွှေ့ဆိုင်းထား သင့်သည်ဟု ယူဆနေကြသည်။

“အောင်သောင်းနဲ့ကျော်ဆန်းလိုလူတွေက ရွေးကောက်ပွဲဥပဒေကိုအခုကြေငြာသင့်တယ်လို့ထင်တယ်။ သူတို့က သူတို့ဘက်က
လုံလုံလောက်လောက်ပြင်ဆင်မှု ရှိထားပြီလို့ သေချာပေါက် တွက်နေတာ” ဟု စစ်အစိုးရ၏ စက်မှု(၁) ဝန်ကြီးနှင့် ပြန်ကြားရေး ဝန်ကြီး တို့ကိုရည်ညွန်းကာ သူက ပြောကြားသွားခဲ့သည်။

သို့သော် ၁၉၉ဝ ခုနှစ်ရွေးကောက်ပွဲကျင်းပစဉ်က စစ်တပ်မှရှုံးနိမ့်ခဲ့ရသည်ကို ကြုံထားရဖူးသည့် စစ်တပ်ထိပ်တန်းခေါင်း ဆောင် နှစ်ဦး ဖြစ်သော သန်းရွှေနှင့်မောင်အေးတို့ကမူ အတိုက်အခံများကို ပြင်ဆင်ချိန်အကန့်အသတ်နှင့်သာ ပေးနိုင် ရန်အတွက် ဥပဒေ ကြေငြာခြင်း ကို ရွှေ့ဆိုင်းထားသင့်သည်ဟု ယူဆကြသည်။

“ဒီကိစ္စက အခုလေးလပတ်အစည်းအဝေးမှာ သူတို့ဆွေးနွေးနိုင်တဲ့အကြောင်းအရာဘဲ” ဟု သူကဆက်လက်ပြော ကြားသည်။

စစ်တပ်သည် ဤလေးလပတ်အစည်းအဝေး ၃ ခုကို နှစ်စဉ် ဇန်နဝါရီ၊ မေ နှင့် စက်တင်ဘာလများတွင် ကျင်းပလေ့ရှိသည်။
သို့သော် ၂ဝဝ၈ ခုနှစ်အတွင်း စစ်တပ်က မေလ တွင်ကျင်းပရမည့်အစည်းအဝေးကို ၂ ကြိမ်ဖျက်သိမ်းခဲ့သည်။ အလားတူပင် နောက်ဆုံး ကျင်းပရမည့် လေးလပတ် အစည်းအဝေးကိုလည်း နိုဝင်ဘာလတွင် ပြောင်းလဲကျင်းပခဲ့သည်။

“ကျနော့်သဘောပြောရရင် ဒီလေးလပတ်အစည်းအဝေးတွေက အနှစ်သာရမရှိတော့ပါဘူး။ ထိပ်တန်းစစ်တပ်ခေါင်း ဆောင်အနည်း ငယ်လောက်ကဘဲ သူတို့ဘာလုပ်မယ်ဆိုတဲ့အစီအစဉ်တွေ၊ စီမံကိန်းတွေကို လက်အောက်အရာရှိ တွေကိုချပြ တဲ့အစည်းအဝေး ဖြစ်နေတာ” ဟု ဦးအောင်ကျော်ဇောကပြောသည်။

သူ့အဆိုအရ ထိပ်တန်းစစ်ခေါင်းဆောင် ၅ ဦးဖြစ်သော ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဒုဗိုလ်ချုပ်မှူးကြီး မောင်အေး၊ သူရရွှေ မန်း၊
ဝန်ကြီးချုပ် သိန်းစိန်နှင့် အတွင်းရေးမှူး ၁ တင်အောင်မြင့်ဦး တို့သည်အစည်းအဝေးမတိုင်ခင် ကြိုတင်တွေ့ဆုံ ဆွေးနွေးကြပြီး လေးလပတ်အစည်းအဝေးမတိုင်ခင်ပင် အဓိကကျသောဆုံးဖြတ်ချက်များကို ကြိုတင်ချမှတ်ထားကာ အစည်းအဝေးသို့
တက်ရောက်လာသည့် လက်အောက်အရာရှိများကို သူတို့၏ရှေ့အစီအစဉ်များရှင်းလင်းပြခြင်းသာ လုပ်သည်ဟုဆိုသည်။

“အကြံပေးတာ၊ ဆွေးနွေးတာ ဒီအစည်းအဝေးမှာ နဲနဲပါးပါးတော့လုပ်တယ်။ ဒါပေမဲ့ အဓိကဆုံးဖြတ်ချက်တွေက ခုန ၅ ယောက်က အစည်းအဝေးမတိုင်ခင်ထဲက ကြိုချထားပြီးပြီ” ဟု ဦးအောင်ကျော်ဇောကပြောသည်။

တပ်တွင်းနေရာအရွှေ့အပြောင်းအများစုသည် ဤလေးလပတ်အစည်းအဝေးများအတွင်း ဖြစ်ပွါးလေ့ရှိပြီး၊ ထိုလေးလပတ် အစည်းအဝေး များထဲမှ နောက်ဆုံး ဖြစ်သော စက်တင်ဘာလတွင် ကျင်းပသော အစည်းအဝေးသည် အရေးအပါ် ဆုံးဖြစ်ကာ၊ စစ်တပ်အတွင်း အဓိကကျသော နေရာအပြောင်း အရွှေ့များကို အမြဲ ကြေငြာလေ့ရှိသည်ဟု စစ်ရေးအကဲခတ် အများစုကပြောကြပါသည်။

No comments: