Monday, February 23, 2009

ဗင်နီဇွဲလား အခြေခံဥပဒေသတင်းပြည်တွင်းမှာ မှောင်ချ

NEJ / ၂၃ ဖေဖော်ဝါရီ ၂၀၀၉

ဗင်နီဇွဲလားနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လူထုဆန္ဒခံယူပွဲ သတင်းကို ပြည်တွင်းမီဒီယာတွေမှာ လုံးဝဖော်ပြခြင်း မပြုရန် ညွှန်ကြားထားကြောင်း၊ ပုဂ္ဂုလိက ဂျာနယ်အသိုင်းအဝိုင်းမှ စုံစမ်းသိရသည်။

ပြည်တွင်း သတင်းဂျာနယ်တစ်ခုမှ အယ်ဒီတာ တဦးက “ဗင်နီဇွဲလားသတင်းကို အေအက်ဖ်ပီကနေ ဘာသာပြန်ပြီး သတင်းအဖြစ် ဂျာနယ်မူကြမ်းမှာ ကျနော်တို့ တင်တယ်။ စိစစ်ရေးက လုံးဝ ဖော်ပြခွင့်မပြုဘူး။ ဒါနဲ့ စိစစ်ရေးသွားပြီး စာမူသွားမှတ်တဲ့အချိန် စာဖတ်မှူး အမျိုးသမီး တစ်ယောက်ကို မေးကြည့်တယ်။ ကျနော်တို့ ဂျာနယ်ပဲ ဖော်ပြခွင့်မရတာလား၊ သူများတွေရော ရသလား ဆိုတော့ သူက ဘယ်သူမှ မရဘူး၊ ဒါပေါ်လစီတဲ့ဆိုပြီး ပြောပြတယ်။ အရင်တုန်းကဆို ထိုင်းအတိုက်အခံ အင်အားစုတွေ လေဆိပ်သိမ်းတဲ့ကိစ္စ တစ်ချို့ ဂျာနယ်တွေ ဖော်ပြခွင့်မရဘူး။ ဒါပေမယ့် Weekly Eleven နဲ့ ဂျာနယ်အချို့တော့ ဖော်ပြခွင့်ရတာ ရှိခဲ့ဖူးလို့ မေးကြည့်တာပါ” ဟု ရှင်းပြသည်။

အခြား ပုဂ္ဂုလိက ဂျာနယ်တစောင်မှ သတင်းထောက် တဦးကလည်း ၄င်းတို့ဂျာနယ်မှာ သတင်းမဆိုထားနှင့် ရက်စွဲမှတ်တမ်းမှာ အဆိုပါနေ့က ဗင်နီဇွဲလားမှာ ဖွဲ့စည်းပုံပြင်ဖို့ လူထုဆန္ဒခံယူပွဲလုပ်သည်။ သမ္မတ အူးဂိုချားဗက်စ် အဆိုပြုချက် အနိုင်ရသည် ဆိုသည့် မှတ်စုသဘော တိုတိုလေးတောင် ဖော်ပြခွင့် မရဘူးဟု ပြောပြသည်။

အလားတူ ပုဂ္ဂုလိက ဂျာနယ်တစ်ခုမှ ဝါရင့် အယ်ဒီတာ တဦးကလည်း သူစောင့်ဖတ်သမျှ ယခုတပတ်အတွင်း ထွက်သည့် သတင်းဂျာနယ် အားလုံးလိုလို ဘယ်သတင်းဂျာနယ်မှာမှ ဗင်နီဇွဲလားနဲ့ သမ္မတ အူးဂိုချားဗက်စ် အကြောင်း မပါဘူးဟု ထောက်ခံ ပြောဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၅) ရက် တနင်္ဂနွေနေ့က ဗင်နီဇွဲလားနိုင်ငံမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ဆိုင်ရာ လူထုဆန္ဒခံယူပွဲ တစ်ရပ် ကျင်းပခဲ့သည်။ ၁၉၉၈ ခုနှစ်ကတည်းက အာဏာရလာသည့် သမ္မတ အူးဂိုချားဗက်စ်က သူ့အနေနှင့် ဆိုရှယ်လစ် တော်လှန်ရေးကို ဆုံးခန်းတိုင် ဆင်နွှဲနိုင်ဖို့ ယခု သမ္မတသက်တမ်း ၂ဝ၁၂ ခုနှစ်ကုန်ပြီိးရင်လည်း၊ သမ္မတ အဖြစ် ရွေးကောက်ပွဲ ထင်မံ ဝင်ချင်သေးကြောင်း လက်ရှိဖွဲ့စည်းပုံအရ သူ့အနေနှင့် ၂ဝ၁၂ ရွေးကောက်ပွဲမှာ သမ္မတအဖြစ် ထပ်မံ အရွေးခံနိုင်ခွင့် မရှိတော့သဖြင့် ဖွဲ့စည်းပုံကို ပြင်ဆင်ချင် သည်။ ဒီအတွက် ဖွဲ့စည်းပုံ ပြင်ဆင်မလား၊ မပြင်ဘူးလား လူထုဆန္ဒခံယူပွဲ တစ်ရပ် ကျင်းပခြင်း ဖြစ်သည်။

အူးဂိုချားဗက်စ်သည် အလားတူ ဆန္ဒခံယူပွဲမျိုး ၂ဝဝ၇ ခုနှစ်က ကျင်းပပြုလုပ်ခဲ့သော်လည်း ပြည်သူအများစုက သူ့အဆိုကို ပယ်ချခဲ့ဖူးသည်။ ယခုတစ်ကြိမ်မှာတော့ မဲဆန္ဒပေးသူများ၏ ၅၄ ဒသမ ၄ ရာခိုင်နှုန်းက အခြေခံဥပဒေ ပြင်ဆင်ရေး သူ့အဆိုကို ထောက်ခံခဲ့သဖြင့်
သူအနိုင်ရ အောင်ပွဲခံခဲ့သည်။ ဗင်နီဇွဲလား အတိုက်အခံ အင်အားစုတွေနှင့် အနောက်နိုင်ငံ တွေကတော့ အူးဂိုချားဗက်စ်ကို လူထုဆန္ဒခံယူပွဲမှ တဆင့် အာဏာရှင် ဖြစ်လာကြောင်း ဝေဖန်ခဲ့ကြသည်။ မြန်မာစစ်အစိုးရသည် ယခုသတင်းကို ပြည်တွင်းမီဒီယာတွေမှာ လုံးဝ ဖော်ပြခွင့် မပေးပဲ မှောင်ချခဲ့သည်။

ပုံမှန်အားဖြင့် ဆိုရင် ဗင်နီဇွဲလားသမ္မတ အူးဂိုချားဗက်စ်ဟာ အမေရိကန် အစိုးရကို စိန်ခေါ် စကားစစ်ထိုး ဝေဖန်၊ တိုက်ခိုက်လေ့ရှိသူ တယောက် ဖြစ်ခြင်းကြောင့် သူနဲ့ ပတ်သက်သည့် သတင်းတွေ ဖော်ပြခြင်းကို စစ်အစိုးရ စာပေစိစစ်ရေးက ခွင့်ပြုလေ့ရှိသည်။

No comments: