Monday, February 23, 2009
ကြုံရဆုံရ ရွှေဝါရောင် တော်လှန်ရေး အကြိုကာလ
၂၀၀၉ ခုနှစ် ဖော်ဖော်ဝါရီလ ၁၁ ရက်နေ့သည်ကား ရဟန်းပျိုသမဂ္ဂ (မြေလတ်ဒေသ)ကို စတင်ဖွဲ့စည်းပြီး လှုပ်ရှားခဲ့တာ ၂ နှစ်တင်းတင်း ပြည်ခဲ့သော နေ့တနေ့ဖြစ်ခဲ့ပေ၏။
ရဟန်းပျိုသမဂ္ဂ (မြေလတ်ဒေသ) ဆိုတဲ့ သံဃာ့အစုအဖွဲ့တခုကို လွန်ခဲ့သော ၂၀၀၇ ခုနှစ် ဖော်ဖော်ဝါရီလ ၁၁ ရက်နေ့တွင် လျို့ဝှက်စွာ ဖွဲ့စည်းခဲ့ကြခြင်းဖြစ်သည်။ ထိုဒေသဆိုင်ရာ အဖွဲ့အစည်းကိုကား ဦးဂမ္ဘီရ (ရဟန်းပျိုသမဂ္ဂ-ရန်ကုန်) နှင့် ဦးဣဿရိယတို့မှ လှုံ့ဆော်စည်းရုံးကာ ဦးဣဿရိယကိုယ်တိုင် ဦးဆောင်၍ ပါဝင်ဖွဲ့စည်းခဲ့ကြ၏။
ယခုအချိန်၌မူကား ထိုသို့ ဦးဆောင်စည်းရုံးခဲ့ကြသူ ခေါင်းဆောင်များသည်လည်း နအဖ အကျဉ်းထောင်များအတွင်း နှစ်ရှည်လများ အကျဉ်းစံနေကြရပြီဖြစ်ကာ လှုပ်ရှားခဲ့မှု အစိတ်အပိုင်းတချို့ကိုလည်း နအဖ သတင်းတပ်ဖွဲ့မှ ဖော်ထုတ်သိရှိပြီးဖြစ်ကြောင်း လွန်ခဲ့သောကာလက တရားရုံးများ၌ တရားလိုစွဲဆိုချက်များအရ ကြားသိခဲ့ရ၏။
ပါဝင်လှုပ်ရှားခဲ့ကြသော သံဃာတော် တချို့လည်း လက်ရှိအနေအထား၌ စာရေးသူ အပါအ၀င် လူဝတ်လဲကာ ဆက်လက်တိုက်ပွဲဝင်ဆဲ ရှိကြသလို တချို့ဆိုရင်ဖြင့်လည်း သံဃာဝတ်ဖြင့် စာသင်တိုက်တချို့သို့ ပြောင်းရွှေ့ကာ ရပ်တည်လှုပ်ရှားနေကြဆဲဖြစ်၏။
သို့ဖြစ်၍ စာရေးသူအနေဖြင့် တခုသော အချိုးအကွေ့မှာ အာဏာရှင် တော်လှန်ရေးတည်းဟူသော နိုင်ငံ့အကျိုးစီးပွားအတွက် တထောင့်တနေရာက ပါဝင်အကျိုးပြုခဲ့သော ရဲဘော်ရဲဘက် ရဟန်းပျိုများ၏ ကြိုးစားအားထုတ်မှု အစုစုအား မပျောက်ပျက်စေလို၊ မကျန်ရစ်စေလိုသော စေတနာစိတ်ဇောဖြင့် တစိတ်တဒေသအရ မှတ်တမ်းစု ဂုဏ်ပြုရင်း စာရေးသူ ကြုံခဲ့ဆုံခဲ့ရသည့် ရွှေဝါရောင် မတိုင်မီကာလက ကိုယ်တွေ့တစိတ်တဒေသကိုလည်း လေ့လာလိုကြသူများအား လေ့လာသုံးသပ်စေလိုသည် ဖြစ်ရကား ဤ ကြုံရဆုံရ ရွှေဝါရောင်အကြိုကာလ ဆိုတဲ့ခေါင်းစဉ်ကို တင်လိုက်ရပါကြောင်းပါ။
(ခြွင်းချက်အားဖြင့်) ဤစာတမ်းပါ အချက်အလက်အချို့နှင့် အမည်၊ လိပ်စာတို့သည်ကား နအဖ စစ်အာဏာပိုင်များ၏ တရားရုံး၌ တရားလို၏ စွဲဆိုချက်များအတိုင်းပင် ဖြစ်၏။
အချိန်ကား … ၂၅.၁.၂၀၀၇၊ ည ၈ နာရီခန့်
ဦးဣဿရိယသည် စာရေးသူနေထိုင်ရာ စာသင်တိုက်သို့ ရောက်ရှိလာပါသည်။ ထိုအချိန်၌ ကျောင်းတိုက်တွင်းရှိ စာသင်သား သံဃာတော်များအားလုံးသည် သိမ်ကျောင်းဆောင်ပေါ်တွင် (ည၀ါ) စာအံကျောင်းတက်နေကြ၏။ မိမိမှာမူ ကျန်းမာရေးမကောင်းသဖြင့် စာချဆရာတော်များအား လျှောက်ထားကာ တပါးတည်း ကျောင်း(အဆောင်)စောင့်ရင်း အမရပူရ မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီး ရေးသားစီရင်အပ်သော သင်္ဂြိုဟ် ဘာသာဋီကာ ကျမ်းစာအုပ်ကြီးကို စိတ်ဝင်တစား လေ့လာနေချိန်ဖြစ်၏။
ဦးဣဿရိယသည် မိမိတပါးတည်းအား အဆင်သင့်တွေရသဖြင့် ၀မ်းသာအားရ နှုတ်ဆက်ကာ သာကြောင်းမာကြောင်း ပြောကြရင်းက မျက်မှောက်နိုင်ငံရေး အခြေအနေ၏ အကျပ်အတည်း၊ အခက်အခဲများကိုပါ စကားလက်ဆုံကျ ဆွေးနွေးဖြစ်ခဲ့ကြ၏။ ဦးဣဿရိယ သည် ထိုစဉ်က ရေနံချောင်းမြို့ ရန်မျိုးအောင်ရိပ်သာတွင် သီတင်းသုံး၍ မိမိတို့စာသင်တိုက်သို့ မကြာခဏ ရောက်ရှိတတ်သူဖြစ်ကာ စာသင်သားများနဲ့လည်း ရင်းနှီးကျွမ်းဝင်သူဖြစ်၏။
သူအား HIV ဝေဒနာသည်များအား တက်ကြွစွာ ကူညီပေးရင်း ရေနံချောင်း HIV ဆရာတော်ဟုပင် လူသိများခဲ့သူဖြစ်၏။ ထို့ကြောင့်ပင် မိမိသည်လည်း သူ့အား ပွင့်လင်းစွာ မိမိ၏ ယုံကြည်ချက်များကို ထုတ်ဖော်ပြောပြရင်းက လက်တွေ့ကျသည့် ရှေ့လုပ်ငန်းစဉ်များကိုပါ ဆွေးနွေးညှိနှိုင်းဖြစ်ခဲ့ကြသည်။
ဦးဣဿရိယက "တပည့်တော်တို့ သံဃာ့လှုပ်ရှားမှုတွေ စလုပ်နေပြီဘုရား။ တပည့်တော်တို့ ရဟန်းပျိုသမဂ္ဂ (မြေလတ်ဒေသ)ကို စတင်ဖွဲ့စည်းပြီး စနစ်တကျလှုပ်ရှားဖို့ စိတ်အားသန်တယ်။ ဖြစ်မြောက်အောင်လည်း ကြိုးပမ်းစီစဉ်နေတယ်" ဟု ရှင်းလင်းပြောကြားလာပါသည်။ မိမိအနေဖြင့်လည်း ထိုသို့သော အဖွဲအစည်းများမှာ ၀င်ရောက်လုပ်ကိုင်ဖူးသော အတွေ့အကြုံက ရှိလှသည်မဟုတ်။ သို့သော်လည်း ထိုသို့ အဖွဲ့အစည်းနဲ့ ညီညီညွတ်ညွတ် စုပေါင်းလှုပ်ရှားရသည်ကိုကား နှစ်ခြိုက်အားရမိ၏။
သို့ဖြစ်၍ မိမိက "တပည့်တော် အရမ်းစိတ်ဝင်စားတယ်ဘုရား။ ဒီစစ်အာဏာရှင်တွေ ပြုတ်ကျဖို့နဲ့ စစ်အာဏာရှင်စနစ်ဆိုးကို ပပျောက်အောင် လုပ်နေကြတဲ့သူ မည်သူ့ကိုမဆို တပည့်တော်လေးစားတယ်။ ဒီလို လုပ်နေတဲ့သူတွေဟာ ဆိုရင်ဖြင့်လည်း ခပ်ညံ့ညံ့လူတွေ မဟုတ်ဘူးဆိုတာကို တပည်တော် အတွေ့အကြုံတွေအရ နားလည်သဘောပေါက်စေခဲ့တယ် ဘုရား။ ဒီအတွက် အရှင်ဘုရားတို့ အကူအညီ လိုအပ်တာရှိရင်ပြောပါ။ တပည့်တော်အနေနဲ့ အချိန်မရွေး ကူညီနိုင်အောင် တတ်နိုင်သလောက် ကြိုးစားပါ့မယ်" ဟု အားပေးစကား ပြောကြားလိုက်၏။
ဦးဣဿရိယသည့်ကား အားရ၀မ်းမြောက်စွာဖြင့် "ဟုတ်ပြီဘုရား။ တပည့်တော်လည်း အရှင် ဘုရားတို့လို ရဟန်းပျိုလေးတွေကို အားကိုးယုံကြည်မိတာ အမှန်ပါပဲ။ တပည့်တော်တို့က မြေလတ်အဖွဲ့ဆိုတာကို အခုမှ စတင်ဖွဲစည်းပြီး လှုပ်ရှားဖို့ စီစဉ်နေကြတာပါ။ တခြား ရန်ကုန်၊ မန္တလေး အစရှိတဲ့ ဆိုင်ရာဆိုင်ရာ ဒေသတွေ အနေနဲ့လည်း လှုပ်ရှားမှုတွေက အထိုင်တကျ ရှိနေကြပြီဆိုတော့ တပည့်တော်တို့က နောက်တောင်ကျနေပြီ။ ဒါကြောင့် တပည့်တော်တို့လည်း အမြန်လှုပ်ရှားနိုင်ဖို့ အလောတကြီး တွန်းလုပ်နေရတာပဲ ဘုရား။ အခု စတင်ဖွဲ့စည်းမယ့် မြေလတ်အဖွဲ့မှာလည်း အရှင်ဘုရား ပါဝင်လှုပ်ရှားလို့ ရပါတယ်။ တပည့်တော်အနေနဲ့လည်း အရှင်ဘုရားကို ပါဝင်လှုပ်ရှားစေချင်ပါတယ်ဘုရား" ဟု စည်းရုံးပြောကြားလာခဲ့၏။
မိမိအနေဖြင့်လည်း "စိတ်ပါဝင်စားမှု့ အပြည့်ရှိပါတယ်။ ဒါပေမဲ့ ရဟန်းပျိုသမဂ္ဂ (မြေလတ်ဒေသ) ဆိုတဲ့ စကားလုံးလောက်နဲ့ အလုပ်မဖြစ်ဘူးလေ။ လုပ်ငန်းစဉ်တွေ၊ မူဝါဒတွေ၊ ဖွဲစည်းပုံတွေ စသဖြင့် သိသင့်တာမှန်သမျှကို ဂဃနဏ သိထားပါမှ အလုပ်ဖြစ်မှာပေါ့။ တပည့်တော်အနေနဲ့ အယူဝါဒကတော့ ရှင်းတယ်။ ဘာသာရေးဆိုရင်လည်း ထေရ၀ါဒစစ်စစ်ပဲ။ ယုံကြည်ကိုးကွယ်နိုင်အောင် ကြိုးစားတယ်။ နိုင်ငံရေးဆိုရင်လည်း ဒီမိုကရေစီစနစ်ကသာ တိုင်းပြည်ကို နည်းမှန်လမ်းမှန် တိုးတက်နိုင်မယ်လို့ မြင်တယ်။ လောလောဆယ်မှာက ပါဠိစာပေကိုပဲ အဓိက လေ့လာလိုက်စားနေတဲ့အတွက် မျက်မှောက် နိုင်ငံရေးအခြေအနေကိုတော့ လိုက်မမှီတော့ဘူးပေါ့။ ဒါကြောင့် အရှင်ဘုရားတို့က သေသေချာချာ ဆွေးနွေးပြဖို့ လိုမယ်။ ဒါမှ တပည့်တော် အလုပ်ဖြစ်မယ်ဘုရား" ဟု ပြောပြခဲ့၏။
ဦးဣဿရိယက "အဲဒီအတွက် မပူပါနဲ့ဘုရား။ တပည့်တော်တို့ စီစဉ်ထားတာရှိပါတယ်။ လတ်တလော တပည့်တော်တို့ လုပ်သင့်လုပ်ထိုက်တာတွေကို စနစ်တကျ ဆွေးနွေးညှိနှိုင်းပေးဖို့ အစီအစဉ်ရှိပါတယ်။ ဒါပေမဲ့ ဘုရား တပည့်တော်စဉ်းစားတာက အရှင်ဘုရားတို့ စာမေးပွဲကလည်း နီးနေပြီဆိုတော့ လိုက်နိုင်ပါ့မလားဆိုတာ ချင့်ချိန်နေရတယ်။ တပည့်တော်တို့ ဆွေးနွေးပေးမှာကတော့ ၃ ရက်၊ ၄ ရက်လောက်ပဲ အချိန်ယူရင် ပြည့်စုံသလောက် ဖြစ်သွားမှာပါ။ အသွားအပြန်နဲ့ဆိုရင် သီတင်းတပတ်လောက် အချိန်ပေးရင် ရပါတယ်" ဟု ဆိုလေ၏။
မိမိလည်း စိတ်ဝင်တစား ရှိလှသည်၊ သို့သော်လည်း မိမိတို့ အားထုတ်မျှော်လင့်ထားသည့် အစိုးရ ပါဠိပထမပြန်စာမေးပွဲ ဖြေဆိုရန်အချိန်သည် ၂ လပတ်ဝန်းကျင်သာ လိုတော့၏။ ထို့အပြင် မိမိတို့ ကျောင်းတွင်း (အရည်အချင်းစစ်) စာမေးပွဲ ဖြေဆိုရန်ကာလဟာ ဆိုရင်လည်း ရက်ပိုင်းမျှသာ လိုတော့သည်။ မည်သို့ပင်ဖြစ်ပါစေ "တပည့်တော် လိုက်နိုင်အောင် ကြိုးစားပါ့မယ်။ တခြား သံဃာတချို့ကိုလည်း လိုက်နိုင်အောင် စည်းရုံးကြည့်ပါမယ်။ ဘယ်နေရာကို ဘယ်နေ့သွားရမယ် ဆိုတာကိုသာ ပြောထားခဲ့ပါ" ဟု ဆိုတော့ ဣဿရိယက ''ဖေဖော်ဝါရီလ ၃ ရက်နေ့လောက်အထိ အချိန်ရပါတယ်။ တပည့်တော် ညောင်ဦးကို ခရီးဆက်စရာ ရှိသေးလို့ အေးအေးဆေးဆေးပါပဲ။ ရေနံချောင်းကိုတော့ ၁ ရက်နေ့လောက် အရောက်ပြန်လာခဲ့ပါမယ်။ သွားရမယ့်နေရာက အတိအကျ ပြောလို့မရဘူး ဖြစ်နေတယ်။ အရှင်ဘုရားလည်း သိတဲ့အတိုင်းပဲ နည်းနည်းလျှို့ဝှက်ထားတာပါ။ ဒါပေမဲ့ ရန်ကုန်အနီးတ၀ိုက်ပါပဲ'' ဟု ဆိုသဖြင့် မိမိတို့ ဘ၀င်မကျ ဖြစ်ခဲ့ရသေး၏။
အဲဒီနောက် မိမိသည် ရွှေတောင်တိုက်က ဦးသံဝရဆိုသူကို မဖြစ်မနေ တာဝန်ခံစည်းရုံးကာ၊ မိမိတို့ တိုက်အုပ်ဆရာတော်အား ဒါယကာ၊ ဒါယိကာမတို့၏ အရေးတကြီးကိစ္စကို အကြောင်းပြ လျှောက်ထားပြီး ၂၆ ရက်နေ့ နေ့လယ်ခင်းမှာ ချောက်မြို့သို့ ဦးဝိမလဆိုသူနှင့် တွေ့ဆုံရန် ခရီးထွက်ခဲ့ပါသည်။ ဦးဝိမလသည် ချောက်မြို့၌ မနေတော့သည်ဖြစ်၍ ၎င်းနေထိုင်ရာ ပွင့်ဖြူမြို့သို့ ၂၇ ရက်နေ့ မနက်စောစောထကာ ခရီးဆက်ခဲ့ရ၏။ ထို့နောက် ဦးဝိမလနေသည့် ကျောင်းကို လိုက်လံစုံစမ်းကာ အရောက်သွားခဲ့ရသည်။ ကျောင်းရောက်သည်တွင် ဦးဝိမလနှင့် အဆင်သင့်တွေ့ရ၍ အလာပသလာပ စကားများပြောကြားရင်း မိမိတို့ ဖွဲ့စည်းလှုပ်ရှားမှု လုပ်ငန်းစဉ်တချို့အား ရှင်းလင်းပြောပြကာ မိမိနှင့်အတူ ဆွေးနွေးပွဲကို တက်ရောက်ရန် စည်းရုံးခဲ့၏။
ဦးဝိမလသည် မိမိနှင့်အတူ စာသင်တိုက်တခုမှာ နေကတည်းက မိမိ၏ နိုင်ငံရေးခံယူချက်ကို အထိုက်အလျောက် သိထားပြီးဖြစ်သည်
ဦးဣဿရိယသည် ရေနံချောင်းသို့ ဖေဖော်ဝါရီလ ၂ ရက်နေ့၌ ပြန်လည်ရောက်ရှိလာကာ မိမိနှင့် လာရောက်တွေ့ဆုံပြီး သွားရမည့် ခရီးစဉ်ကို ပြောပြပါသည်။ သူ၏ အမည်ကို ကိုရွှေမဲ ဟု ခေါ်ရန်နှင့် ရန်ကုန်၌ မိမိတို့ကို လာကြိုမည့်သူမှာ ကိုလှိုင်ဘွားဟု ခေါ်ကြောင်း၊ ကိုလှိုင်ဘွားကို ရန်ကုန်ရောက်ရောက်ချင်း ဖုန်းဆက်ခေါ်ရန်နှင့် သူ၏ ဖုန်းနံပါတ်ကိုပေးကာ မိမိတို့အား ဂရုတစိုက် မှာကြားပါသည်။ ကိုလှိုင်ဘွား ဆိုသူမှာ ရဟန်းတော်တပါးပင်ဖြစ်ပြီး နိုင်ငံရေးလှုပ်ရှားမှုများ အကျယ်တ၀င့် ပြုလုပ်နေသည်ဖြစ်၍ လုံခြုံရေး အခြေအနေအရ လူနာမည်များဖြင့်သာ သုံးစွဲခေါ်ဝေါ်နေခြင်းဖြစ်ကြောင်းကို ရှင်းပြကာ မိမိတို့လည်း လူအမည်များ သုံးစွဲခေါ်ဝေါ်ဖို့ မှာကြားပါသည်။ ထို့အတူ မိမိတို့နှင့် တပြိုင်တည်းမှာပင် သံဃာနှစ်ပါးလည်း ပါမည်ဖြစ်ပြီး သူတို့မှာ လုံခြုံရေး အခြေအနေကြောင့် ကားတစီးဖြင့် သီးသန့် လိုက်ပါမည်ဖြစ်သည်။
ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက် ၄ နာရီခန့်တွင် မိမိတို့သည် ရန်ကုန်အောင်မင်္ဂလာ အဝေးပြေးကားဂိတ်သို့ ရောက်ရှိပြီး စိန်တောင်တန်း လ္ဘက်ရည်ဆိုင်ကိုရှာကာ ကိုလှိုင်ဘွားဆီသို့ ဖုန်းဆက်ရန် စီစဉ်ရပါတော့သည်။ ဆိုင်၌ မိမိတို့နှင့် မြို့ချင်းတူသော်လည်း လုံခြုံရေး အခြေအနေကြောင့် လမ်းခွဲကာ လာခဲ့ကြသော ဦးခေမိက၊ ဦးဝေဠုရိယတို့ကို တွေ့ဆုံခဲ့ရ၏။ ၎င်းတို့မှ ကိုလှိုင်ဘွားဆီသို့ ဖုန်းအဆက်အသွယ် လုပ်ပြီးပြီဖြစ်ကြောင်း၊ သူ ယခုချက်ချင်းပင် ထွက်လာနေပြီဖြစ်ကြောင်း ပြောသဖြင့် မိမိတို့အုပ်စု နံနက်စာစားရင်း ထိုင်စောင့်နေကြရသည်။
ခဏကြာသော် ဆံပင် တလက်မနီးပါးခန့် ရှည်ပြီး၊ အသားဖြူဖြူ မျက်နှာမှာ ၀က်ခြံအပြည့်၊ အရပ်အမောင်း ကိုယ်နေဟန်က ခပ်တောင့်တောင့်နှင့် (ထိုင်း) ပိုးသင်္ကန်းကို ဂျွတ်တက်အောင် ၀တ်ထားကာ လွယ်အိတ်အ၀ါရောင် ခပ်ညစ်ညစ်ထဲ၌ ပစ္စည်းအပြည့်ထည့်ပြီး လွယ်ထားသည့် ကိုယ်တော်တပါးသည် မိမိတို့စားပွဲဝိုင်းသို့ အားရ၀မ်းသာသည့် အပြုံးကိုဆောင်ကာ ၀င်ထိုင်သည်။ လမ်းခရီး၌ သာကြောင်းမာကြောင်း မေး၍ ကွမ်းတမြုံ့မြုံ့ဝါးကာ မိမိတို့အား တလေးတစား မိတ်ဆက်ပါသည်။
မိမိတို့လည်း ကနဦးအစက မသင်္ကာဖြစ်နေရာမှ သူ၏ စကားပြောပုံ တလေးတစား မိတ်ဆက်နေပုံကို ကြည့်ကာ ကိုလှိုင်ဘွားမှန်း သိသာလာ၍ မိမိတို့လည်း ပြန်လည်မိတ်ဆက်ကာ ရင်းရင်းနှီးနှီး စကားပြောဖြစ်ခဲ့ပါသည်။
ထို့နောက် မိမိတို့အား အခွင့်တောင်းကာ အခြားစားပွဲဝိုင်းတွင် ထိုင်နေသော ဦးခေမိကတို့အား သွားရောက်မိတ်ဆက်ပြီး ခဏတဖြုတ် သီးခံစောင့်ဆိုင်းရန် ပြောကာ မိမိတို့စားပွဲဝိုင်းသို့ ပြန်လာ၍ စကားလက်ဆုံကျခဲ့ပါသည်။ ထို့နောက် မိမိတို့ စုပေါင်းတွေ့ဆုံမည့် နေရာကို မေးရာ ''ရန်ကုန်အနီးနားက မြို့တမြို့မှာပဲ စီစဉ်ထားပါတယ်'' ဟု ပြော၍ မိမိတို့ အားမရခဲ့ပါဘူး။ ထို့အပြင် မယုံသင်္ကာကို ဖြစ်ခဲ့ရပါသေး၏။
အပိုင်း (၁) ပြီးပါပြီ
Labels:
ဆောင်းပါး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment