Friday, February 27, 2009

၃၃ နာရီကြာ ဘင်္ဂလာရိုင်ဖယ် တပ်ဖွဲ့ ပုန်ကန်မူ ပြီးဆုံးအနည်းဆုံး လူပေါင်း ၃၀ ခန့် သေဆုံးခဲ့

Narinjara News 2/27/2009

၃၃ နာရီကြာ ဖြစ်ပွားခဲ့သော ဘင်္ဂလာဒေခ်ျ့ ရိုင်ဖယ် တပ်ဖွဲ့ ပုန်ကန်မူမှာ ယမန်နေ့က ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။

အဆိုပါ ပုန်ကန်မူ အတွင်း စစ်တပ်အရာရှိကြီးများ အပါအ၀င် လူပေါင်း ၂၁ ဦးအလောင်းကို ရှာဖွေတွေ့ရှိထားသည်ဟု သက်ဆိုင်ရာ တာဝန်ရှိသူများက ပြောသည်။

ထိုအထဲတွင် ဘင်္ဂလာရိုင်ဖယ် တပ်ဖွဲ့မှ အဆင့်မြင့် စစ်ဘက်အရာရှိ (၉)ဦး၊ ဘင်္ဂလာရိုင်ဖယ် တပ်သား (၇)ဦး၊ အရပ်သား (၄)ဦးနှင့် တခြားအမည် အဆင့်မသိသူ ဘင်္ဂလာရိုင်ဖယ် အဖွဲ့ ၀င် တဦးတို့ ဖြစ်သည်။

တခြား စစ်ဘက်ဆိုင်ရာ အရာရှိ ၁၀၀ အခြေအနေကိုမူ တိကျစွာ မသိရသေးကြောင်းနှင့် သူတို့မှာ ယခုအချိန်ထိ ပျောက်ဆုံးနေကြောင်း သတင်းများက ဖေါ်ပြသည်။

ယခုအချိန်တွင် ဘီဒီအာရ်ခေါ် ဘင်္ဂလာရိုင်ဖယ် တပ်ဖွဲ့ ဌာနချုပ်အား ၀င်ရောက်ထိမ်းသိမ်းထားလိုက်နိုင်ပြီ ဖြစ်ကြောင်းနှင့် ရဲတပ်ဖွဲ့ ၀င်များ က ရှင်းလင်းရေးများ ပြုလုပ်နေကြောင်း သိရသည်။

ဝန်ကြီးချုပ် ချစ်ခါးဆီးနာမှ ပုန်ကန်သူ ဘင်္ဂလာရိုင်ဖယ် တပ်ဖွဲ့ဝင်များကို လက်နက်ချပြီး မိမိတပ်စခန်းသို့ ပြန်ရန်နှင့် မလိုက်နာကပါ ပြင်းထန်သော ဆိုးကျိုးများကို ရင်ဆိုင်ရလိမ့်မည် ဖြစ်ကြောင်း ပြောကြားပြီးနောက် ပုန်ကန်သူများမှာ ဘီဒီအာရ်ဌာနချုပ်မှ ထွက်ပြေးသွားခဲ့သည်ဟု သိရသည်။

ယခုကဲ့သို့ ပုန်ကန်မူ ဖြစ်ပွားရခြင်းမှာ ပုန်ကန်သူများနှင့် စစ်ဘက်ဆိုင်ရာ အရာရှိများ အငြင်ပွားမူမှ စတင်ခဲ့ခြင်း ဖြစ်ပြီး အဓိကအားဖြင့် လစာ မလုံလောက်မူနှင့် အထက် အရာရှိများ၏ ဖိနှိပ်မူနှင့် အရာရှိကြီးများ ခြစားမူတို့ အပေါ် ဆန့်ကျင်ရာမှ ပုန်ကန်မူ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ပုန်ကန်မူ အတွင်း ဘင်္ဂလာရိုင်ဖယ် တပ်ဖွဲ့ ၏ အကြီးဆုံး Director General မှာသေဆုံးသွားကြောင်း သိရသည်။

ယခုအချိန်ထိ ပုန်ကန်သူ ဘီဒီအာရ် တပ်သား ၄၂ ဦးကို ဖမ်းဆီးထားကြောင်း စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူ တဦးက ပြောသည်။


No comments: