Friday, February 27, 2009

ဗိုလ်ချုပ်ကြီးသိန်းစိန် အာဆီယံစည်းဝေးတက်မည်မြန်မာ ရိုဟင်ဂျာပြဿာနာရှောင်နေဟု စွပ်စွဲခံရ

NEJ /၂၇ ဖေဖော်ဝါရီ ၂၀၀၉


ထိုင်းနိုင်ငံ ဟွာဟင်းတွင် ကျင်းပနေသည့် (၁၄) ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲ တက်ရောက်ရန်အတွက် နအဖ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် ယနေ့ နေပြည်တော်မှ ထွက်ခွာလာခဲ့သော်လည်း ရိုဟင်ဂျာ ပြဿနာကို မြန်မာ စစ်အစိုးရ ဖြေရှင်းရမည်ဟု မလေးရှားက တောင်းဆိုထားမှုနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

နအဖ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် ထိုင်းနိုင်ငံ လာရောက်ခြင်းသည် ထိုင်းဝန်ကြီးချုပ် အာဘီဆစ် ၀ိဇ္ဇာဇီဝ အာဏာရပြီး ပထမဆုံးအကြိမ် လာရောက်သည့် မြန်မာစစ်အစိုးရအဖွဲ့ဝင် ထိပ်ပိုင်းခေါင်းဆောင်ဖြစ်သည်။

ရိုဟင်ဂျာ ပြဿနာသည် ဒေသတွင်း ပြဿနာဖြစ်လာသည့် အလျောက် မြန်မာစစ်အစိုးရ ဘက်က တစုံတရာ ဖြေရှင်းစေလိုကြောင်း ယမန်နေ့ည အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ ညစာစားပွဲတွင် မလေးရှား နိုင်ငံခြားရေးဝန်ကြီး ဒါတွတ် ဆရီ ဒေါက်တာ ရေစ့်ယာတင်းက ထုတ်ဖော်ပြောဆိုလိုက်သည်။

မြန်မာနိုင်ငံမှ ထွက်ပြေးလာသည့် ပင်လယ်မျော ရိုဟင်ဂျာများ ကိစ္စနှင့်စပ်လျဉ်း၍ မြန်မာ စစ်အစိုးရဘက်က ပြဿနာကို ရှောင်ရှားနေပုံရသည်ဟု မလေးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုသည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ မြန်မာ စစ်အစိုးရအား ပြောဆိုရာတွင် အင်ဒိုနီးရှား နှင့် မလေးရှား ပူးပေါင်းသင့်သည်ဟုပါ ဒေါက်တာရေစ့်က ဆက်လက် ပြောဆိုသည်။

“မြန်မာ စစ်အစိုးရ နားလည်ထားရမှာက ဒီပြဿနာဟာ မြန်မာ ပြဿနာဖြစ်သလို ကျနော်တို့ တတွေရဲ့ ပြဿနာလည်း ဖြစ်တယ်။ ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံက ထွက်ခွာဖို့ အားပေး ခံရတယ်ဆိုတာ ကျနော်တို့ နားလည်ပေမယ့် တကယ့်အဖြစ်အပျက်ကို ကျနော်တို့ မသိပါဘူး။ ဒါကြောင့် ရိုဟင်ဂျာကိစ္စနဲ့ ပတ်သက်ပြီး မြန်မာ စစ်အစိုးရဘက်က ပွင့်ပွင့်လင်းလင်း ပြောဆို စေချင်ပါတယ်” ဟု ဒေါက်တာရေစ့်က ပြောသည်။

မြန်မာ စစ်အစိုးရဘက်မူ ရိုဟင်ဂျာကို မြန်မာတိုင်းရင်းသားဟု မယူဆသော်လည်း ပင်လယ်မျော ရိုဟင်ဂျာများအနက် မြန်မာနိုင်ငံမှာ မွေးဖွားသူများဖြစ်ကြောင်း၊ အထောက် အထားပြနိုင်သူများကို မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဖို့ သဘောတူကြောင်း ထိုင်းနိုင်ငံခြားရေး ၀န်ကြီး ကာာဆစ်က အာဆီယံ အစည်းဝေး၌ သတင်းထောက်များကို ပြောသည်။


No comments: