Sunday, February 22, 2009

2010 အကြိုနိုင်ငံရေးတိုက်ကွက်များ

နိုင်မွတ်ဒိပ်

ပြည်ထောင်စုမြန်မာနိုင်ငံ၏ အနာဂတ်ကံကြမ္မာကို နှစ်နှစ်အတွင်း အဆုံးအဖြတ်ပေးရတော့မယ်။ အဆုံးအဖြတ်ပေးတဲ့နေရာမှာ နအဖများ သာမဟုတ်ဘဲ ဒီမိုကစီရေအင်အားစုများနဲ့ တိုင်းရင်းသားအဖွဲ့အစည်းများလည်း ပါဝင်နေတယ်။ နအဖတို့အနေနဲ့ အနှစ်နှစ်ဆယ်အင်အား နဲ့ အသာစီးရနေတဲ့သဘော တွေ့ရတယ်။ အမေရိကန်မှာ ခေတ်စားနေတဲ့ ရက်ဇယ်လင်းနပန်းပွဲလို စည်းနဲ့ကမ်းနဲ့ မထိုးချင်ဘူး။ ပြိုင်ဘက်ကို အနိုင်ယူဖို့ နအဖက ဒိုင်ကိုတောင် အလဲထိုးချင်နေတယ်။

ဗေဒင်အားကိုးနဲ့ နအဖရူးနေတယ်လို့ ရေးချင်ရေးလို့ရတယ်။ ဒါပေမယ့် ဒါဟာ ထိပ်ပိုင်းကပဲ များတယ်။ တပ်တွင်းမှာ ဒါတွေကို ခွင့်မပြုဘူး။ နအဖရဲ့ကျောရိုးက တပ်မတော်ပဲ ဖြစ်တယ်။ တပ်မတော်ကို ပြည်သူတွေနဲ့ ရန်တိုက်ပြီး သူတို့အိတ်ထဲ လုံးလုံးလျားလျားဝင်လာအောင် စီမံထားတယ်။ ဗိုလ်ချုပ်ကြီးနေ၀င်းရဲ့ ဆိုရှယ်လစ်တပ်မှူးများနဲ့ အသွင်ကူးပြောင်းခဲ့တဲ့ လက်ရှိတပ်မတော်မှာလည်း ဗိုလ်ချုပ်ကြီးနေ၀င်းရဲ့ အငွေ့အသက် စိမ့်ဝင်နေရာယူဆဲလို့ ဆိုနိုင်တယ်။

ဗိုလ်ချုပ်ကြီးနေ၀င်းဟာ ဖဆပလအဖွဲ့ထဲမှာ ခိုကပ်နေရတဲ့ ဆိုရှယ်လစ်ဦးကျော်ငြိမ်းတို့နဲ့ပေါင်းပြီး ဦးနုအစိုးရကို မတည်မငြိမ်ဖြစ်အောင် လုပ်နိုင်ခဲ့တယ်။ ကွန်မြူနစ်ယိမ်းဗိုလ်ချုပ်ကျော်ဇော်ကို တီးဖို့ ဆိုရှယ်လစ်တပ်မှူးတွေကို သူ့ဝန်းကျင်မှာ ရံနေစေခဲ့တယ်။ ၀ါဒရေးရာကို မကျော်နိုင်တဲ့ကွန်မြူနစ်တွေကို ဗုဒ္ဓဘာသာနဲ့ ရန်တိုက်ပေးပြန်တော့ ကွန်မြူနစ်တွေ အထိနာခဲ့တယ်။

ဒါကြောင့် တပ်မတော်မှာ ညဉ်တစ်ခုစွဲကပ်နေပြီ။ အာဏာနဲ့ရာထူးကို ရယူချင်ရင် စစ်တိုက်တော်ဖို့မလို၊ နောက်တန်းက နေရာ ယူတတ်ဖို့ပဲ လိုတယ်ဆိုတဲ့ သဘောတရား တစ်ခုပါပဲ။ ဒါလည်း အထောက်အထားတွေ အများကြီးပဲ။ တရုတ်ဖြူတွေကို ဗိုလ်ချုပ်ကျော်ဇော်နဲ့အတူ တိုက်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးတင်ဦး (ယခု အန်င်အဲလ်ဒီ ဗိုလ်ချုပ်ကြီးတင်ဦး) ဗျူဟာချမှတ်ပေးပြီး တိုင်းရင်းသား တွေကို တိုက်ခဲ့တဲ့ သီဟသူရစစ်မောင်၊ ဒီဗိုလ်ချုပ် ဗိုလ်ချုပ်ကြီးတွေရဲ့ အနေအထားကို ကြည့်ပါ။

ဗိုလ်ချုပ်ကြီးတင်ဦးနဲ့ သီဟသူရစစ်မောင်တို့ကို ခင်ညွန့်လက်စဖျောက်ခဲ့တယ်လို့ အများထင်စရာ ဖြစ်အောင် ဗိုလ်သာဂေါင် (သန်းရွှေ) က အကွက်ဆင်နိုင်ခဲ့တယ်။ ဒီလိုညစ်ပတ်တဲ့အပြုအမူတွေ ဒီကနေ့ထိ ရှိနေတုန်းပဲ။ တပ်မတော်ကို အချင်းချင်း ယုံကြည်စိတ်ချ လို့ မရတဲ့အနေအထားနဲ့ မပြိုကွဲအောင် ကြားကန်ထားတယ်။ တစ်ယောက်နဲ့တစ်ယောက် မခွာဝံ့ဘူး။ အမြဲတမ်း သတိအနေအထားနဲ့ နေနေရတယ်။ ဒီအနေအထားကြောင့်ပဲ တိုင်းမှူးတွေ၊ ဗျူဟာမှူးတွေ ဖင်တောင်မပူသေးဘူး တစ်နယ်ပြီး တစ်နယ် ထပြောင်းနေရတာပေါ့။

ဒီလိုအင်အားနဲ့ တည်ဆောက်ထားတဲ့ နအဖနဲ့ ယုံကြည်မှုတည်ဆောင်ချင်တဲ့ ဒီမိုကရေစီ အင်အားစုတွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေ ရှိသေးတယ်။ လေ့လာမိသလောက် အပြင်ပန်းက မာနေပေမယ့် အတွင်းသဘောမှာ ကေအဲန်ယူလည်း ပျော့ချင်နေတယ်။ ဒါကို နအဖ ကလည်း သိနေတယ်။ ကေအဲန်ယူကိုကိုင်ဖို့ ဒီကေဘီအေနဲ့ ကေအဲန်ယူခွဲထွက် အဖွဲ့တွေ ရှိပြီးသား၊ သူတို့ဆီ ရန်သူရောက်ဖို့ အဝေး ကြီးလိုသေးတယ်။ တိုင်းရင်းသားတွေ ကြားမှာ သပ်လျှိုမှုတွေလည်း လုပ်တယ်။ အမျိုးသားရေးစိတ်ပြင်းထန်တဲ့ တိုင်းရင်းသား တွေဟာ နအဖအကွက်ထဲ ၀င်ကုန်တယ်။

နအဖရဲ့နောက်ထပ်တိုက်ကွက်တစ်ခုမှာ ဒီမိုကရေစီအင်အားစုတွေနဲ့ ကုလသမဂ္ဂကို ရန်တိုက်ပေးခြင်း ဖြစ်တယ်။ အစွန်း ရောက်ဒီမိုကရေစီ ဘက်တော်သားတွေကို အသုံးချပြီး သဘောထားပျော့ပျောင်းတဲ့လူတွေကို ဆွဲထုတ်ခြင်းပင် ဖြစ်တယ်။ ဒီမိုကရေစီ အင်အားစုတွေနဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေမှာ ဖြစ်ပေါ်နေတဲ့အခြေအနေမှာလည်း နအဖကို အများကြီး အထောက်အကူပြု နေတယ်။ ဒီမိုကရေစီအင်အားစုတွေမှာ ၀ါဒရေးရာနဲ့ တိုက်ပွဲ အသွင်သဏ္ဍာန်မတူညီမှု၊ တိုင်းရင်းသားတွေမှာ နယ်မြေထပ်မှုနဲ့ သမရိုး ထက်ကျော်လွန်သော အမျိုးသားရေးမျှော်မှန်းမှုတို့မှာ နအဖအတွက် ထိုးဖောက်ဖို့ ကွက်လပ်များ ဖြစ်နေတယ်။ ဒီအချက်တွေကိုပဲ အမိအရကိုင်ပြီး လာရောက်သမျှ နိုင်ငံခြားသံတမန်တွေကို ခင်းကျင်းပြသလေ့ ရှိတယ်။

ကုလသမဂ္ဂအထူးသံတမန် မစ္စတာဂမ်ဘာရီအနေနဲ့ မြန်မာပြည်ကို အကောင်းမြင်စေလောက်တဲ့ အနေအထားမှာ ရှိနေတယ်။ လက်နက်နဲ့အုပ်ချုပ်နေတဲ့ မြန်မာပြည်ဟာ သူတို့အာဖရိကနိုင်ငံလောက် မမွဲသေးဘူး။ အာဖရိကမှာ လူကို ပုရွက်ဆိတ်သတ်သလို သတ်နေတယ်။ ရန်ကုန်မှာ သေနတ်သံတစ်ချက်မှ ဂမ္ဘာရီမၾကားရဘူး။ အမ်ားယုံၾကည္မႈတစ္ခုကေတာ့ ဂမ္ဘာရီဟာ လာဘ်ထိုးခံရခြင်းပါ။ ဒီထက် ညစ်ပတ်တဲ့နည်းတွေ နအဖမှာ အများကြီး ရှိသေးတယ်။

မင်္ဂလာဒုံမှာ မွေးထားတဲ့အလှပဂေးတွေ ရာပေါင်းများစွာ ရှိတယ်။ ဒီအလှပဂေးတွေဟာ သံတမန်တွေကို ပြုစုဖို့တာဝန် ယူရတယ်။ ကိုယ်ဖိရင်ဖိ ပြုစုမယ့်သတို့သမီးတွေပါပဲ။ မခိုင်လုံသော သတင်းရပ်ကွက်တွေအရ အမျိုးသားညီလာခံကိုယ်စားလှယ်အချို့လည်း ဒီကျော့ကွင်းကနေ မလွတ်ခဲ့။ ယူဂိုဆလပ်မှာ အင်ဒိုးနီးရှားသမ္မတဆူကာနို ခံရသလိုမျိုး ဂမ်ဘာရီမိသွားယင် နအဖရဲ့အကွက်ပေါ့။

နအဖရဲ့နိုင်ငံရေးကစားကွက်ဟာ ခပ်ညံ့ညံ့ပဲ ဖြစ်တယ်။ ရိုးရိုးနဲ့ရှင်းရှင်း တိုက်ကွက်ဆင်ခြင်းပဲ ဖြစ်တယ်။ နိုင်ငံခြားသံတမန်တွေအနေနဲ့ သူတို့ကို ခပ်အအသဘောမျိုးထင်အောင်လည်း နေတတ်တယ်။ ဒီကောင်တွေဆီက ပိုက်ဆံအိတ်ကို လိမ်စားလို့ရတယ်လို့ အိမ်နီးချင်း တွေထင်လောက်အောင်လည်း နေပြတတ်တယ်။ နအဖဟာ သူ့ပြည်သူပြည်သားတွေကို အပေါ်စီးကကိုင်နေပေမယ့် သံတမန်တွေကို အောက်ကြေးနဲ့ရိုက်ပါတယ်။ ဒီလူတွေကို တဖြည်းဖြည်းချင်း ချော့ယင် ရနိုင်ခြေရှိတယ်လို့ ထင်ရအောင်လည်း မူတတ်တယ်။ ခင်ညွန့်တုန်းက မူလွန်းလို့ အချောက်ပုံတောင် ပေါက်နေခဲ့သေးတယ်။

အကြမ်းဖျင်းအားဖြင့် သုံးသပ်ရယင် အတိုက်အခံတွေက သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေး၊ ကြားဖြတ်အစိုးရတည်ထောင်ရေး၊ အနိုင်ရပါတီက လွှတ်တော်ခေါ်ရေး၊ အခြေခံဥပဒေ ပြန်လည်ရေးဆွဲရေး၊ အသွင်ကူးပြောင်းရေး၊ ဗိုလ်ချုပ်တွေ စစ်တန်းလျားပြန်ရေး (၆) ချက် ကို အသေပိတ်ပြီး ၂၀၁၀ ရွေးကောက်ပွဲထွက်ပေါက်ကိုပဲ နအဖက ပေးထားတယ်။ အဲဒီ ထွက်ပေါက်ကလည်း သူတို့မြုံးထဲဝင်မိတဲ့အဖြစ်မို့ အလွန်အန္တရာယ်များတဲ့အခြေအနေပဲ ဖြစ်တယ်။ ဒီရွေးကောက်ပွဲဟာ တစ်ခုတည်းသောထွက်ပေါက် ဖြစ်ကြောင်း အများထင် အောင်လည်း နအဖက စိတ်ဓာတ်စစ်ဆင်ရေးတွေ လုပ်နေတယ်။ ဘယ်အဖွဲ့၊ ဘယ်ပါတီ ကစပြီး ရွှေ့လာမလဲ စောင့်ကြည့် အကဲခတ်နေတဲ့အဆင့်လို့ ဆိုရမယ်။ ရွေးကောက်ပွဲမှာ ၁၉၉၀-တုန်းကလို ပါတီပေါင်းရာချီ ပေါ်ထွက်လာယင် နအဖအတွက် မုတ်ဆိတ်ပျားစွဲကိန်း ဆိုက်ဦးမှာပါ။

ဒီမိုကရေစီအင်အားစုတွေနဲ့တိုင်းရင်းသားအင်အားစုတွေဟာ ဒီအပေါက်ကို မ၀င်မိဖို့ အရေးကြီးသလို ဒီတစ်ခုတည်းသော နအဖ ထွက်ပေါက်ကိုလည်း ပိတ်နိုင်အောင် ဆောင်ရွက်သင့်တယ်။ ဒီထွက်ပေါက်ကို မပိတ်နိုင်ရင်၊ သို့မဟုတ် မြုံးသွင်းခံရယင် ကျန် (၆) ပေါက်လည်း ပိတ်သွားမယ့်သဘောပဲ။ ဒီအခြေအနေမှာ ဒီမိုကရေစီအင်အားစုတွေ၊ တိုင်းရင်းသားအဖွဲ့အစည်းတွေဟာ ဘုံရန်သူ နအဖကို ရင်ဆိုင်ဖို့ စုစည်းညီညွတ်သင့်ပြီ။ နအဖရဲ့အခြေခံဥပဒေကို အံတုနိုင်တဲ့ အခြေခံဥပဒေတစ်ခု လိုအပ်နေပြီ။ နိုင်ငံတကာမှာ နအဖကို ရင်ဆိုင်နိုင်တဲ့၊ ရင်ဆိုင်ဝံ့တဲ့ စင်ပြိုင်အစိုးရတစ်ခု လိုအပ်နေပြီ။

ဒီအစိုးရယန္တရားလည်ပတ်နိုင်ဖို့ စင်ပြိုင်တပ်မတော်တစ်ခု တည်ဆောက်ဖို့ လိုအပ်နေပြီ။ တိုင်းရင်းသားတွေရဲ့အားနဲ့ ဗိုလ်ချုပ်အောင်ဆန်း က လွတ်လပ်ရေး ရယူခဲ့သလို ဒီတစ်ချီမှာလည်း တိုင်းရင်းသားတို့ရဲ့အင်အားနဲ့ ဗိုလ်ချုပ်အောင်ဆန်းလို ဒုတိယ အာဇာနည် တစ်ဦး လိုအပ်နေပါပြီ။ လွတ်လပ်ရေးရယူတုန်းက အပြန်အလှန်ယုံကြည်မှုအရ ခွဲထွက်ခွင့်ကိုတောင် လိုက်လျောခဲ့တယ်။ ဒါပေမယ့် ဘယ်တိုင်းရင်းသား တွေကမှ ခွဲထွက်မယ်လို့ မပြောခဲ့ပါဘူး။ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကိုပဲ တောင်းဆိုခဲ့ခြင်း ဖြစ်တယ်။

ဒီတော့ကာ လက်ရှိနအဖကို အံတုနိုင်တဲ့ အခြေခံဥပဒေလို့ဆိုရင် ဖက်ဒရယ် ပြည်ထောင်စုဥပဒေပဲ ဖြစ်မယ်။ လက်ရှိနအဖကို ရင်ဆိုင်နိုင်တဲ့ စင်ပြိုင်အစိုးရလို့ဆိုရင် ဖက်ဒရယ်စင်ပြိုင်အစိုးရပဲ ဖြစ်မယ်။ လက်ရှိနအဖလက်ကိုင်တုတ်တပ်မတော်ကို ထိုးစစ်ဆင်ဖို့ ဖက်ဒရယ်တပ်မတော်တစ်ခု လိုအပ်မယ်။ နယ်စပ်တလျှောက်လုံးမှာ ရှိနေတဲ့ တိုင်းရင်းသားတပ်ဖွဲ့တွေမှာ အင်အား (၅)သောင်းကျော် ရှိတယ်။

ကျောင်းသားတပ်မတော်အင်အားနဲ့ပေါင်းပြီး ဖက်ဒရယ်တပ်မတော် ဖွဲ့စည်းရင် ဖြစ်နိုင်ခြေ အများကြီးရှိတယ်။ ဒီအချက်ကို အကောင် အထည် ဖော်နိုင်ယင် အာဆီယံအပါအ၀င် ကမ္ဘာ့နိုင်ငံများရဲ့အာရုံကို အများကြီးဆွဲဆောင်နိုင်မှာ ဖြစ်တယ်။ ဖက်ဒရယ်အစိုးရ တရား ၀င်ကြောင်း ပြည်တွင်းခေါင်းဆောင်တွေ ထောက်ခံမှုရရင် ပြည်တွင်းမှာရော ကုလသမဂ္ဂမှာပါ နအဖနေရာကို ၀င်လုလို့ရနေပြီ။

ဝေဖန်လိုတာက ပြဿနာကို ဖြေရှင်းလိုရင် ပြဿနာကို ခွဲခြမ်းစိတ်ဖြာတတ်ရမယ်။ ပြည်ထောင်စုမြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့နိုင်ငံရေး ပြဿနာပါ။ လတ်တလော ဖြစ်ပေါ်နေတဲ့ မြန်မာ့နိုင်ငံရေးပြဿနာကို တစ်စေ့တစ်စောင်း အကဲခတ်ကြည့်ရင် နယ်နိမိတ်ပြဿနာနဲ့ မျိုးနွယ်စုပြဿနာ ဒီစစ်အေးလွန်ပြဿနာနှစ်ရပ်အပြင် မြန်မာပြည်လွတ်လပ်ရေးရကတည်းက ဘယ်အချိန်ဘယ်အခါမှ မဖြေရှင်း ရသေးတဲ့ အမျိုးသားရေးမူဝါဒပြဿနာလည်း ပင်ကိုယ်အတိုင်း တည်ရှိနေသေးတယ်။ နှစ်ပေါင်း (၆၀) ကြာမြင့်ခဲ့လို့လည်း ပဋိပက္ခ များလည်း အမြစ်တွယ်နေပါပြီ။

မြန်မာပြည်သမိုင်းမှာ သွေးထွက်သံယိုနည်းနဲ့ အသွင်ကူးပြောင်းခဲ့တာပဲ များတယ်။ ဒါကို သင်ခန်းစာယူပြီး အကြမ်းမဖက် မေတ္တာ လက်နက်နဲ့ အသွင်ကူးပြောင်းစေရမယ်လို့ အားခဲခဲ့တဲ့၊ နအဖကို အံတုခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်လည်း နှစ်ပေါင်း (၂၀) သာ ကြာခဲ့တယ်၊ အောင်မြင်မှုအရိပ်အရောင် အခုထိ မမြင်သေးဘူး။ သမရိုးကျနည်းနဲ့ နအဖကို တိုက်လို့မရတော့ဘူးဆိုတာ နားလည်သင့်ပြီ။ ဒါကြောင့်ပဲ နအဖကို သွေးတိုးစမ်းတဲ့အနေနဲ့ ဒီအပတ်ထဲမှာပဲ မွန်ပြည်သစ်ပါတီဥက္ကဋ္ဌ ဗိုလ်ချုပ်ထောမွန်က ဂျပန်ကို သွားပြီး လူလုံးပြခဲ့ တယ်။ ဒါဟာ နိုင်ငံရေးကစားကွက်တစ်ခု ဖြစ်ကြောင်း သိသာတယ်။

တိုက်ပွဲအသွင်သဏ္ဍာန်ပြောင်းလာနိုင်တယ်လို့ နအဖကလည်း တွက်ချက်ပြီးသား ဖြစ်နေမယ်။ သိလို့လည်း စစ်ထွက်တွေကို တိုင်းရင်း သား နယ်မြေထဲ စိမ့်ဝင်စေပြီး အဓိကရုဏ်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်။ မြန်မာပြည်နိုင်ငံရေးပြဿနာကို ဘာကြောင့် ဖြေရှင်းရ ခက်သလဲ။ ပြဿနာကို ကိုယ်တိုင်ဖန်တီးပြီး ပြဿနာထဲ ကိုယ်တိုင်ကိုယ်ကျ ပါဝင်နေတဲ့ ခေါင်းဆောင်တွေက ပြဿနာကို လုံးဝမဖြေရှင်းချင်လို့ ဖြစ်ကြောင်း နိုင်ငံရေးသုတေသီတွေ သဘောပေါက်ကြတယ်။ ဒါဆို ငြိမ်းချမ်းရေးဆိုတာ အလှမ်းဝေးနေသေးတယ်လို့ ဆိုရမယ်။

မြန်မာနိုင်ငံအစိုးရအဆက်ဆက်တို့က ဗမာတွေကို ပြန်ကိုင်ဖို့ လိုအပ်တဲ့အချိန်မှာ တိုင်းရင်းသားတွေကို အသုံးချလေ့ရှိတယ်။ ဖဆပလ ခေတ်ကတည်းကစပြီး နအဖခေတ် အဆုံးပါပဲ။ ယခုအချိန်မှာလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းပေါင်း (၁၇) ဖွဲ့စာရင်းကို ပြပြီး ဒီမိုကရေစီသမားတွေကို လှုပ်လို့မရလောက်အောင် ကိုင်တွယ်နိုင်ခဲ့ တယ်။ ဒီမျှ အကျိုးပြုခဲ့တဲ့ ဒီတိုင်းရင်းသား အဖွဲ့တွေဟာ အမျိုးသားညီလာခံမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် ဘာမှ ပြောပိုင်ခွင့် မရှိခဲ့ဘူး။ တစ်ဖွဲ့နဲ့တစ်ဖွဲ့ မစုစည်း မိအောင်လည်း သတိအနေ အထားနဲ့ နအဖက စောင့်ကြည့်နေခဲ့တယ်။

ဒီနိုင်ငံရေးအလှည့်အပြောင်းမှာ ဒီတိုင်းရင်းသားအဖွဲ့အစည်းတွေက အခရာကျပြီး နိုင်ငံရေး ပါရမီရှိမှု၊ ပါးနပ်မှု၊ နအဖရဲ့တိုက်ကွက်ကို တွက်ချက်နိုင်မှုတို့နဲ့ ပေါင်းစပ်နိုင်ရင် နအဖတို့အတွက် အန္တရာယ်များနိုင်တယ်။ နအဖတို့အနေနဲ့ ရန်သူလို့ ပြောင်သတ်မှတ်ထားတဲ့ ဒီမိုကရေစီအင်အားစုတွေနဲ့ တိတ်တဆိတ် သတ်မှတ်ထားတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေကို ရွေးကောက်ပွဲထွက်ပေါက်တစ်ပေါက်ထဲ ပေးထားတဲ့အတိုင်း သူတို့အတွက်လည်း ဒီတစ်ပေါက်ပဲ အသက်ရှုလို့ရမယ့်အနေအထား ဖြစ်နေတယ်။ ဒီ ၂၀၁၀ တိုက်ကွက်မှာ နှစ်ဦး နှစ်ဖက် ၅၀% စီပဲ အသာစီးရနိုင်မယ်။ ကြံ့ဖွံ့နဲ့စွမ်းအားရှင်အားကိုးနဲ့ နအဖကြိမ်းနေပေမယ့် ဒီအင်အားစုတွေက သူတို့သခင်တွေကို သိပ်ပြီးသစ္စာရှိလှတဲ့ အဖွဲ့အစည်းတွေ မဟုတ်ဘူး။ အချိန်မရွေး နအဖက ကိုယ့်ရှူးကိုယ်ပတ်နိုင်တဲ့ အနေအထား ဖြစ်တယ်။ ဒီလိုအနေ အထားမျိုးဖြစ်ပေါ်လာအောင်…

၁။ တွေ့ဆုံဆွေးနွေးရေးအမြင်တွေ ကြံ့ဖွံ့၊ စွမ်းအားရှင်အပါအ၀င် တပ်မတော်သားများ အားလုံး သိရှိသဘောပေါက်လာစေရန် ၀ါဒ ဖြန့်နိုင်ရမယ်။ ပြည်သူတွေနဲ့တပ်မတော်ကြား ရန်တိုက်ပေးနေမှုကိုလည်း လှည်းနေလှေအောင် မြင်းစောင်းမကျန် ပြည်သူပြည်သားများနဲ့ တပ်မတော်သားများ သဘောပေါက်လာကြရန် ဘက်ပေါင်းစုံ ရှင်းပြနိုင်ရမယ်။

၂။ ကုလသမဂ္ဂနဲ့အာဆီယံကို အသုံးချပြီး သံတမန်ရေးရာချဲ့ထွင်နေမှုကို ရပ်တန့်စေအောင် တိုင်းရင်းသားအဖွဲ့အစည်းများအားလုံးနဲ့ ဒီမိုကရေစီဘက်တော်သားများပူးပေါင်းကာ ဖက်ဒရယ်အစိုးရတစ်ရပ် ထူထောင်ပြီး နအဖရဲ့တရားဝင်မှုကို စိန်ခေါ်ရမယ်။

၃။ စစ်အစိုးရနဲ့ တစ်ဖွဲ့ချင်း ဘယ်တော့မှ မဆွေးနွေး၊ ဖက်ဒရယ်စင်ပြိုင်အစိုးရအနေနဲ့သာ ဆွေးနွေးရမယ်။

No comments: